Friday, August 12, 2011

ပြဿနာ

အဲဒီညနေကလည်း ပြဿနာအထွေးအရှုပ်တွေနဲ့ ၀င်္ကပါတောင်မှာ ကျနော်ထိုင်နေတာပေါ့ဗျာ၊

စေတီကလေးဆီက ဆွဲလည်းသံတခုက ထူးထူးခြားခြား အသံသာနေတာကိုလည်း သတိထားမိပါတယ်။

တခါတခါ တိုးဝင်လာတဲ့လေက ကျနော့ဆံပင်တွေကို ဖွကျဲသွားကြတယ်။

နေစောင်းသွားပြီဖြစ်လို့ ပြန်ဘို့ကျနော်ထလိုက်မယ်အလုပ်မှာ လူတယောက် ကျနော့ရှေ့ လာရပ်တယ်ဗျ။

မော်ကြည့်လိုက်တော့ ကြည်လင်သန့်ရှင်းတဲ့ သူ့မျက်နှာမှာ ပြုံးယောင်သန်းနေတယ်။သူ့အသက်က ခြောက်ဆယ်ဝန်းကျင် လောက်ရှိရော့မယ်။သူကကျနော့ကို …….

“မောင်ရင် ဒီမှာလာထိုင်တာ သုံးရက်ရှိပြီ “ တဲ့။

ကျနော်လည်း ဘာပြန်ပြောရမှန်းမသိတာနဲ့ ခေါင်းကိုညိတ်ပြလိုက်မိတယ်၊သူကဆက်ပြီး ဆိုပြန်ပါတယ်၊

“မောင်ရင် ဒီမှာ အပျင်း ပြေလာထိုင်တာတော့ ဟုတ်ပုံမရဘူး”

ကျနော်ကသူ့ကို ငေးကြည့်တယ်။သူ့ကိုအံ့သြတာလည်း ပါတာပေါ့၊သူက ကျနော့စိတ်ထဲမှာ ဖြစ်နေတာတွေကို သိနေတဲ့ အမူအရာမျိုးနဲ့…

“လူ့လောကမှာ ပြဿနာတွေရှိတာပေါ့၊ လူတစ်ယောက်က မိုးရွာထဲမှာ ထီးဆောင်းပြီးသွားရင်း တွေးမိတယ်ဆိုပဲ၊”မိုးဟာအပေါ်က ရွာပေလို့သာပဲ ၊အောက်ကများ ရွာရင် ဘယ်လိုထီးဆောင်းသွားရပါ့မလဲ”လို့။ ဒီအတွေးနဲ့ သူ့မှာ အောက်ကရွာမယ့်မိုးကို ထီးဆောင်းရေးပြဿနာကြီး ဖြစ်နေတယ်။

ဒါ…….တကယ်တော့ ပြဿနာမှ မဟုတ်တာ၊ပြဿနာမဟုတ်တာ ကို ပြဿနာလုပ်နေရင် ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်ရတတ်တာပဲ။လူတွေဟာ “ပြဿနာအတု’ ကို ‘’ပြဿနာအစစ်’ထင်ပြီးပင်ပင်ပန်းပန်း ဖြေရှင်းနေတတ်ကြတယ်။ဒိမယ်မောင်ရင် ပြဿနာမဟုတ်တာကို ပြဿနာမဟုတ်ဘူးလို့သိရင် ပြဿနာဟာ ပြေလည်သွားတာပဲ’

သူနဲ့ကျနော် ၀င်္ကပါတောင်က ဆင်းလာခဲ့ကြပါတယ်။

အဆင်းဖြစ်လို့ ၊ ဒါမှမဟုတ် ပြဿနာတွေ လျောကျခဲ့လို့ ထင်ပါရ`ဲ့။ကျွန်တော့မှာ ပေါ့ပါးသွက်လက် လွတ်လပ်နေတာတော့ အမှန်ပဲ၊ဆင်းလာရင်း သူက…..

“တစ်ခါတုန်းက ဖားပြုတ်တစ်ကောင်က ကင်းခြေများတစ်ကောင်ကို ကြည့်ပြီး ပြဿနာဖြစ်နေတယ်တဲ့ မောင်ရင်ရဲ့၊

‘ကင်းခြေများရဲ့ ခြေထောက်တွေက သိတ်များတာဘဲ၊ ခြေတွေသိတ်များတော့ သွားရင် ဘယ်ခြေထောက်ကစ,ပြီး လှမ်းပါလိမ့်’ လို့ ဖားပြုတ်မှာ ပြဿနာ အကြီးအကျယ်ဖြစ်နေတယ်။ဒိလို ပြဿနာဖြစ်ပြိး သူကိုယ်တိုင်တောင် ဘယ်လိုစ လှမ်းရခုန်ရမှန်း မသိ ဖြစ်နေတယ် တဲ့ မောင်ရင်ရဲ့၊ ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေတော့ လှမ်းလို့ရပါလျက်နဲ့ မလှမ်းမိ ခုန်လို့ရပါလျက်နဲ့ မခုန်မိနဲ့ လိုရာကို မရောက်တော့ဘူးပေါ့။ပြဿနာတစ်ခုဟာ စစ်မှန်တဲ့ပြဿနာဖြစ်တယ်ဆိုရင်တော့ ရှောင်နေလို့လဲမရဘူး၊ ဖြေရှင်းပစ်ရမှာပဲ၊ပြဿနာဆိုတာ ဖြေရှင်းရမယ့်အရာဆိုတော့ ဖြေရှင်းလိုက်ပေါ့ မောင်ရင်”

သူကကျွန်တော့ကိုနှုတ်ဆက်ပြီးတော့ ‘ခေမာသီဝံ’ ဘက်ကိုသွားတဲ့ လူသွားလမ်းကလေးအတိုင်း လျှောက်သွားပါတယ်။

သူသွားနေပုံက ဘာမှပြဿနာမရှိတဲ့သူအဖြစ် သွားနေသလိုပါပဲ။သူသွားတဲ့အရပ်ကလည်း ဘာပြဿနာမှ မရှိတဲ့အရပ် ဖြစ်ပါလိမ့်မယ်။

သူ့ကျေးဇူးတွေကို ကျွန်တော့်တစ်သက် မမေ့ပါဘူး၊ မမေ့နိုင်ပါဘူးဗျာ။

ဝန်ခံချက်။ ။ဝင်္ကပါတောင်မှ လာခဲ့သူ၏ ပြန်လည်ပြောပြချက် ဖြစ်ပါသည်။

NANDAR THEINZAN

No comments:

Post a Comment