Thursday, August 18, 2011

ကိုယ်လျှောက်မယ့်လမ်း(နန္ဒာသိန်းဇံ)


လူမှာ ဖြစ်လာသမျှ အကောင်းအဆိုး အမှန်အမှားဆိုတာတွေဟာ အတိတ်ကံကြောင့်

ဖြစ်ရတာလို့ အတိတ်ကံကိုချည်း ရိုးမယ်ဖွဲ့ ပြီး ပြောဆိုယုံကြည်နေသူမှာ စိတ်ဓာတ်ခွန်အား လျော့နည်း

နေပြီလို့  ယူဆနိုင်တယ်။ “ငါအဖြစ်နိုင်ဆုံး ကြိုးစားမယ်” ဆိုတဲ့စိတ်ရဲ့ ခိုင်ခံ့မှု၊ အရှုံးမပေးလိုမှုတွေ အဲဒီ

လိုလူမျိုးမှာ ရှိလိမ့်မယ်လို့  မမျှော်လင့်နိုင်တော့ဘူး။

နေ့ စဉ်ဘဝမှာ လူတွေဟာ ရွေးချယ်မှုတွေကို လုပ်နေကြတာပဲ။ ဒီအလုပ်ကို ငါလုပ်မယ်လို့ ရွေး

တယ်။ ဒီလမ်းကို ငါလျှောက်မယ်လို့ ရွေးတယ်။ ဒါကို ငါရအောင် ကြိုးစားယူမယ်၊ ငါ့ ဘဝကို ဒီလိုတည်

ဆောက်မယ်---- စသည်ဖြင့် ရွေးတယ်။ လူတွေဟာ တစ်နည်းမဟုတ် တစ်နည်းရွေးနေကြတယ်။ ဒီအလုပ်ကို ငါ မလုပ်တော့ဘူး။ ဒီလမ်းမျိုးကို ငါ မလျှောက်၊ မလှမ်းတော့ဘူး ဆိုတာဟာလည်း ရွေးနေတာပဲ။ မလုပ်တာ--- မလျှောက်တာကို ရွေးတာပဲ။

ဘဝဖြစ်တည်မှုပဓာနဝါဒီ Existentialist (Jean-Paul Sartre, Albert Camus-Atheistic Existentialists) တွေက ပြောကြတယ်။ လူဟာ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ဘဝအဓိပ္ပာယ်ကို ကိုယ်ကပဲဖော်နေရတာတဲ့။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို ကိုယ်ကရွေး၊ ကိုယ်သွားလိုတဲ့လမ်းကို ရွေးပြီး ကိုယ်ဖြစ်ချင်တဲ့ဘဝမျိုးကို ကိုယ်ကဘဲ တည်ဆောက်ရတာဖြစ်တယ်တဲ့ ။

ငါ ဘယ်ဘဝကလာခဲ့တာလဲ--- ဆိုတာကို မသိနိုင်ဘူး၊ ဟိုဘက်က အတိတ်ဘဝ ရှိမရှိဆိုတာကို ကြည့်လို့ လည်း မမြင်ဘူး။ ခံစားကြည့်တော့လည်း မတွေ့ ရဘူး။ အနာဂတ်ဘဝဆိုတာလည်း ဒီလိုပဲ။ လှမ်းကြည့်တော့လည်း မမြင်နိုင်ဘူး၊ ခံစားကြည့်လို့ လည်း မရနိုင်သေးဘူး။ အနာဂတ်ဘဝဆိုတာ--- ငါ ဘယ်ဘဝသွားမလဲဆိုတာဟာ မသေချာတဲ့ အဖြစ်ပဲ။ သူများတွေက ပြောလို့ သာ အတိတ်ဘဝဆိုတာ ရှိတယ်၊ အနာဂတ်ဘဝဆိုတာ ရှိတယ်လို့  ယုံနေကြတာ ကိုယ်တိုင်ကြည့်ကြည့်တော့လည်း အဲဒီဘဝတွေဆိုတာ တွေ့ ရတာ မဟုတ်ဘူး၊ ဘဝတွေရှိတယ်ဆိုတာကို သက်သေပြကြတော့လည်း ခိုင်လုံတဲ့ သက်သေပြချက်ရယ်လို့ မတွေ့ ရဘူး၊ အတိတ်ဘဝဆိုတာတွေ အနာဂတ်ဘဝဆိုတာတွေဟာ မရေရာ မသေချာပေမဲ့--- ရေရာ သေချာတာတစ်ခုတော့ရှိတယ် အဲဒါ ဘာလဲဆိုတော့ ဒီရုပ် ဒီခန္ဓာနဲ့  အခု အသက်ရှင်နေတယ်ဆိုတာကတော့ သေချာတယ်.။

အဲဒီ အသက်ရှင်နေတဲ့အဖြစ်--- အဲဒီ အသက်ရှင်နေတဲ့ဘဝကို အသေအချာကြည့်တော့လည်း ဘာအဓိပ္ပာယ်မှလည်း မရှိဘူး၊ ဘာအနှစ်သာရမှလည်း မရှိဘူး။ ဒီတော့ ကိုယ့်အဖြစ်၊ ကိုယ့်ဘဝကို ကိုယ်လိုချင်တဲ့ အဓိပ္ပာယ်ကို ရွေးချယ်ပြီး ကိုယ့်ဟာကိုယ် အဓိပ္ပာယ်ရှိအောင် ဖော်ဆောင်ဖို့ လိုတယ်။ ကိုယ်ရချင်တဲ့ အနှစ်သာရ ကို ကိုယ်ကပဲ ရွေးချယ်ရှာယူပြီး ကိုယ့်ဟာကိုယ် အနှစ်သာရကို ရှာယူရမှာပဲလို့  အဲဒီဖြစ်တည်မှု ပဓာနဝါဒီတွေက ဆိုကြတယ်။

ဒီနေရာမှာ--- အတိတ်ကံ ကြမ္မာကို ရိုးမယ်ဖွဲ့ နေသူ(ပုဗ္ဗေကတဟေတုဝါဒီ) ဟာ ဖြစ်တည်မှုပဓာနဝါဒီလို ဇွဲသတ္တိ မရှိနိုင်ဘူး ဘာကြောင့်လဲဆိုတော့ အတိတ်ကြမ္မာကို ရိုးမယ်ဖွဲ့ သူမှာ အောင်မြင်ခြင်းဆီကိုသွားတဲ့ လမ်းကိုရွေးပြီး ပန်းတိုင်ရောက်သည်အထိ ကြိုးစားရုန်းကန်မယ်ဆိုတဲ့ ဆန္ဒတွေ၊ ဝီရိယတွေ ရှိလိမ့်မယ်မဟုတ်ဘူး။ အခြေအနေက ပေးထားတဲ့အတိုင်းပဲ သူဟာ အသက်ရှင်နေထိုင် နေမှာပဲ။ ပြီးတော့--- သူတစ်ပါးအသက်ကို သူ သတ်ဖြစ်တာ၊ သူတစ်ပါးပစ္စည်းကို ခိုးဝှက်တာ၊ သူတစ်ပါးကို လိမ်လည်ပြောဆိုမိတာဟာလည်း အတိတ်က ကံကြမ္မာကြောင့် သတ်ဖြစ်၊ ခိုးဖြစ်၊ လိမ်ဖြစ်သွားတာပါလို့ သူပြောမလား၊ တကယ်တော့ ကံကြမ္မာ၏ ပြဌာန်းထားမှုအတိုင်း ဖြစ်ရတာပါ--- ပြုရတာပါလို့  ယူဆသူဟာ လူအဖြစ်မှ လျှောကျသွားခြင်းဖြစ်တယ်လို့  ဘဝဖြစ်တည်မှု ပဓာနဝါဒီတွေကတော့ ပြောကြမယ်။ လူဟာ လူအဖြစ်မှ လျှောကျသွားတယ်ဆိုတာ “လူဟာ လူမပီသတော့ဘဲ အရာဝတ္တုအဖြစ်သို့  ရောက်သွားတယ်” လို့  ဆိုလိုတာပဲ။

သစ်ပင်တို့ ၊ စားပွဲ ထိုင်ခုံတို့ ဆိုတာ စိတ်မရှိတဲ့ အရာဝတ္တု သဘောတွေဖြစ်တယ် အရာဝတ္တုတွေဖြစ်တဲ့အတွက် ပတ်ဝန်းကျင် အခြေအနေပေးသလောက်ပဲ သူတို့ ဟာ တည်နေကြတယ် ဒီစားပွဲကို ဒီနေရာကနေ ဟိုနေရာကို ရွှေ့ လို့ ရတယ်၊ ရွှေ့ ပြီးထားတဲ့ နေရာမှာ အဒီစားပွဲဟာ တည်နေရတယ်။ ဒီလိုတည်နေမှုသဘောဟာ စိတ်မရှိတဲ့ အရာဝတ္တုတွေရဲ့ တည်နေရမှုကို ရည်ညွှန်းတယ်။

လူ ကတော့ သိစိတ်ရှိတယ်၊ ဒါကြောင့် လူဟာ စိတ်မဲ့အရာဝတ္တု မဟုတ်ဘူး။ ဒါကြောင့် အရာဝတ္တုလို ဒီနေရာကနေ ဟိုနေရာကို အရွှေ့ ခံ၊ အရွှေ့ ခံရတဲ့ နေရာမှာ ဖြစ်နေတည်နေ--- ဆိုတာမျိုး လူကတော့ မဖြစ်ဘူး။ သူ့ စိတ်ကူး၊ သူ့ရွေးချယ်မှုနဲ့  သူနေချင်သလို ပြောင်းနေ မှာပဲ။ ဒီလို သူ့ စိတ်ကူးနဲ့ သူ သူ့ ရွေးချယ်မှုနဲ့ သူ မတည်နေဘူးဆိုရင် အဲဒီလူဟာ လူနဲ့ မတူတော့ဘဲ အရာဝတ္တုလို ဖြစ်သွားမယ်.။ အရာဝတ္တုအဖြစ်သို့ လျှောကျသွားမယ်လို့ ဆိုလိုတာပဲ။

ဒီတော့ လူဟာ လူအဖြစ်မှ မလျှောကျဘဲ လူအဖြစ်နဲ့  လူပီသစွာ ဖြစ်တည်နေသူဖြစ်တယ်ဆိုရင်--- မသတ်ဖို့ ရှောင်ခြင်း မခိုးဖို့ ရှောင်ခြင်း၊ မလိမ်ဖို့ ရှောင်ခြင်းတွေကို ရွေးချယ်ပြီး တကယ်ရှောင်နိုင်သူဖြစ်အောင် ကြိုးစားလုပ်ဆောင်ရတာပဲ။ ဒီလို ကြိုးစားပြုမှု လုပ်ဆောင်နေသူဟာ လူအဖြစ်မှ မလျှောကျဘူး၊ ဆိုခဲ့တဲ့ ပုဗ္ဗေကတဟေတုဝါဒီ(အတိတ်ကြမ္မာကို ရိုးမယ်ဖွဲ့ သူ)လို အတိတ်ကြမ္မာကြောင့် သတ်ရပါတယ် ခိုးရပါတယ် လိမ်ရပါတယ်ဆိုရင်တော့ အဲဒီလူဟာ လူအဖြစ်မှ--- အရာဝတ္တုအဖြစ်သို့  လျှောကျသူ ဖြစ်သွားပြီလို့  ဆိုရလိမ့် မယ်။

ပုဗ္ဗေကတဟေတုဝါဒီနဲ့  ခပ်ဆင်ဆင်တူတဲ့ သူကတော့ ဣဿရနိမ္မာနဝါဒီ ဖြစ်တယ်။ သူ့ အမြင်က လူဟာ ဖန်ဆင်းရှင်--- တန်ခိုးရှင်ရဲ့ အလိုတော်အတိုင်း ဖြစ်နေရတာ---တဲ့။ မိမိဘဝရဲ့ အောင်မြင်မှု၊ ဆုံးရှုံးမှု၊ ကောင်းမှု၊ ဆိုးမှု၊ အသက်ရှည်မှု၊ တိုမှု စတဲ့ လူ့ ဘဝဖြစ်ရပ်တွေဟာ ဖန်ဆင်းရှင့်ရဲ့ အလိုအတိုင်း ဖြစ်ပေါ်နေရတာလို့  ဆိုလိုပါတယ်.။ ဒီလိုဖန်ဆင်းရှင်ရဲံ အလိုအတိုင်းဖြစ်ရတာလို့  ယုံကြည်တာဟာလည်း ဘဝဖြစ်တည်မှု ပဓာနဝါဒီတွေရဲ့ အမြင်အရကတော့ (ဒီနေရာမှာ ဘုရားမဲ့ဘဝ ဖြစ်တည်မှု ပဓာနဝါဒီတွေရဲ့ အမြင်ကို ပဓာနအားဖြင့် ဆိုလိုပါတယ်) လူ့ အဖြစ်က လျှောကျသွားသူရဲ့ အမြင်ပဲဖြစ်တယ်.။ စိတ်မဲ့ဖြစ်တဲ့ သစ်ပင်တို့  စားပွဲ ကုလားထိုင်တို့ ဟာ ပတ်ဝန်းကျင်က ပြုသမျှ---ပြဌာန်းသမျှအတိုင်း ဖြစ်တည်နေကြရတယ်.။ သူတို့ မှာ ရွေးချယ်စရာမရှိဘူး. ပြဌာန်းခံရတဲ့အတိုင်း---ဒါမှမဟုတ် ပြဌာန်းသူရဲ့ အလိုအတိုင်း လုပ်နေရတယ်၊ ဖြစ်နေရတယ်။

ဒီနေရာမှာ ယူဆစရာရှိတာက---ပြဌာန်းသူရဲ့ အလိုအတိုင်း လုပ်နေရတာဖြစ်တယ်ဆိုရင်--- လုပ်တဲ့သူမှာ ဘာတာဝန်မှမရှိဘူး ဖြစ်နေတယ် ဘာအပြစ်မှလည်း မရှိဘူးလို ဖြစ်နေတယ်.။ သတ်ရတာ ခိုးရတာ လိမ်ရတာဟာ ပြဌာန်းသူအလိုအတိုင်း လုပ်ရတာတွေဖြစ်တယ်. ကိုယ့်စိတ်နဲ့ ကိုယ့်ကို လုပ်တာ မဟုတ်ဘူး။ ကိုယ့်ဆန္ဒနဲ့ ကိုယ် ရွေးတာမဟုတ်ဘူး။ ပြဌာန်းသူက ခိုင်းလို့  ပြဌာန်းပေးလို့  လုပ်ရတာ သာဖြစ်လို့  သူ့ မှာ ဘာအပြစ်မှ မရှိဘူးဖြစ်နေတယ်.။ အဲဒီလူမှာ ဘာတာဝန်မှလည်း မရှိဘူးလို ဖြစ်နေတယ်.။

တကယ်တော့ အဲဒီလူမှာ တာဝန်ရှိပါတယ်။ သတ်တာ ခိုးတာ လိမ်တာကို--- မသတ်ဖို့ ၊ မခိုးဖို့  မလိမ်ဖို့ ကို ရွေးခြင်းမရွေးခြင်းဟာ အဲဒီလူအပေါ်မှာ မူတည်တယ်.။ ရွေးချယ်ပြီး လုပ်ဆောင်ခြင်း မလုပ်ဆောင်ခြင်းအတွက် သူ့ မှာ တာဝန်ရှိတယ်။ ပြဌာန်းသူရဲ့ အလိုကျု ခိုင်းလို့ လုပ်ရခြင်းသာ ဖြစ်ပါတယ်ဆိုပြီး သူ့ တာဝန်ကို ရှောင်လို့ မရဘူး၊ ပြဌာန်းသူအပေါ်ကိုလည်း တာဝန်လွှဲမချသင့်ဘူး။ သူများတွေအပေါ်လည်း အပြစ်ပုံမချသင့်ဘူး။

ကိုယ့်တာဝန်ကို ကိုယ့်တာဝန်အဖြစ်နဲ့ သိပြီး တာဝန်မယူဘဲ သူတစ်ပါးအပေါ် ပုံချခြင်းတွေနဲ့  အသက်ရှင်တတ်တဲ့လူရဲ့  ဘဝကို “မစစ်မှန်တဲ့ဘဝ” inauthentic existence လို့  ခေါ်တယ်.။ လူမစစ်တဲ့ ဖြစ်တည်မှုဘဝလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်။ ရွေးချယ်ရမှာကို မရွေး၊ တာဝန်ယူရမှာကို မယူဘဲ ဖြစ်တည်နေတဲ့ ဘဝမျိုးဟာ လူအုပ်ကြီးထဲမှာ ရောထွေးပါသွားတဲ့သူနဲ့  တူတယ်လို့  ဘဝဖြစ်တည်မှု ပဓာနဝါဒီတွေက ပြောတတ်ကြတယ်။ လူအုပ်ကြီးထဲမှာ ရောထွေးပါသွားပြီး လူအုပ်ကြီးထိုင်ရင် လိုက်ထိုင်၊ ထရင်လိုက်ထ၊ လူအုပ်ကြီးသွားရင် လိုက်သွားနဲ့  သူ့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ် လုပ်ဆောင်မှုနဲ့  တာဝန်ယူမှုဆိုတာတွေလည်း မရှိဘူး၊ ဒီတော့ ဘာမှ သူလိုလူမျိုးရဲ့  ဖြစ်တည်မှုဟာလည်း ပေါ်လွင်ပီသမှုလည်း မရှိဘူး။ အဲဒီလို ပေါ်လွင်ပီသမှု--- လူပီသမှုမရှိ ဖြစ်နေတာကိုပဲ “မျက်နှာမရှိတဲ့လူ” လို့  ခေါ်တတ်သေးတယ်။

ဗုဒ္ဓကလည်း ဆိုခဲ့တဲ့ ပုဗ္ဗေကတဝါဒကိုရော၊ ဣဿရနိမ္မာနဝါဒကိုပါ လက်မခံဘူး၊ အကြောင်းတရားကိုပယ်တဲ့ အဟေတုကဝကဒက ရှုမြင်တဲ့--- လူရဲ့  အကောင်းအဆိုး ဖြစ်ရပ်တွေဟာ ဖြစ်ချင်သလို ဖြစ်လာနိုင်တာပဲဆိုတဲ့ အမြင်မျိုးကိုလည်း လက်မခံဘူး၊ ဗုဒ္ဓဝါဒ အလိုအရကတော့--- လူဟာ မိမိအပြုအမူအတွက် တာဝန်ရှိတယ်။ မိမိ ရွေးချယ်ပြုလုပ်တဲ့ ကုသိုလ်အကုသိုလ်အတွက် မိမိမှာ တာဝန်ရှိတယ်။

ဗုဒ္ဓဟာ လူကို ရွေးချယ်နိုင်တဲ့ သတ္တဝါအဖြစ် ရှုမြင်တယ်.။ ပဋိစ္စသမုပ္ပာဒ် ဘဝဖြစ်စဉ်ကြီးမှာ လူဟာ အဲဒီဘဝဖြစ်စဉ်ကြီးထဲက လွတ်မြောက်ရာလမ်းကို ရွေးနိုင်တယ်။ ရွေးပြီး လွတ်မြောက်သည်အထိ ကြိုးစားနိုင်တယ်၊ အကယ်၍ လူဟာ လွတ်မြောက်ရာလမ်း(ဝေဒနာနှင့် တဏှာတို့ ရဲ့ ကြားကလမ်း)ကို မရွေးနိုင်ဘူး၊ ဒီလမ်းအတိုင်းမလျှောက်နိုင်ဘူးဆိုရင်တော့ဝဋ်သုံးပါး(ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်)ရဲ့  ပြဌာန်းမှုကို ခံမြဲခံနေရမယ်လို့ မြင်တယ်.။ လူဟာ အဲဒီဝဋ်တွေကနေပြီး လွတ်မြောက်အောင် ကြိုးပမ်းစွမ်းဆောင်နိုင်သူဖြစ်တယ်လို့  ဗုဒ္ဓဝါဒကမြင်တယ်။ အဲဒီအမြင်ကိုပဲ ကမ္မဿကတာ သမ္မာဒိဋ္ဌိ လို့  ခေါ်ခြင်းဖြစ်ပါတယ်.။

ဒီသမ္မာဒိဋ္ဌိအမြင်နဲ့ မှ ဘဝခရီးကို မသွားရင်တော့ နောင်တရစရာတွေနဲ့ ကြုံနိုင်တယ်လို့ ယူဆရမှာပဲ။

(နိုင်ငံတော်၏ ပရိယတ္တသာသနာတက္ကသိုလ်မဂ္ဂဇင်း၊ ရန်ကုန်၊ ၂၀၀၇)

No comments:

Post a Comment