Sunday, August 14, 2011

ရှင်သန်ခြင်း


ခုတလော ဖတ်ဖြစ်နေတဲ့ ဆရာ နန္ဒာသိန်းဇံစာအုပ်များမှ ဆောင်းပါးတချို့ကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။
ကျွန်တော့နည်းတူ ကြိုက်နှစ်သက်ကြမယ်လို့ ယုံကြည်ပါတယ်။
ဒီတစ်ခါတော့ ဆရာနန္ဒာသိန်းဇံရဲ့ ဆောင်းပါးများမှ ရှင်သန်ခြင်း လို့ အမည်ပေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကူးယူဖော်ပြ ပေးလိုက်ပါတယ်။





"လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က သေဆုံးခဲ့တဲ့ ကျွန်တော်ဟာ အခု အသက်ပြန်ရှင်လာတာပါ" ဟူသော စကားကြောင့် သူ့ကို တခြားလူတွေက လှမ်းကြည့်ကြပါသည်။
သူကဆက်၍" စိတ်ဓါတ်ကျဆင်းပျက်ပြားသွားသူမှာ ဘာ မျှော်လင့်ချက်မှ မရှိတော့ဘူးဗျ၊ မျှော်လင့်ချက်မရှိတဲ့သူဟာ
အသက်ရှင်နေပေမယ့် သေနေတဲ့လူပါပဲ။ ကျွန်တော် အဲဒီလို စိတ်ဓါတ်တွေ ပြိုကွဲပြီး သေဆုံးသွားတာ အနှစ်နှစ်ဆယ်လောက် ကြာတယ် အခုအခြေအနေမျိုးကိုရောက်မှ ဒီစကားတွေပြောတော့ ခင်ဗျားတို့ အံ့သြချင် အံ့သြမှာပဲ။ အဟုတ်မှ ကျွန်တော် အနှစ်နှစ်ဆယ်လောက် သေဆုံးခဲ့တာ။

စိတ်ဓါတ်ပြိုကွဲခြင်းနှင့် ခပ်ဆင်ဆင်တူသည့် စိတ်ဓါတ်ကျခြင်း ၊စိတ်ကစဥ့်ကလျားဖြစ်ခြင်း ၊ စိတ်ဓါတ်သိမ်ငယ်ခြင်း ၊ ငါဆိုသော အတ္တအဆောက်အဦ ကြေမွခြင်း စသည့် စကားများကို သုံး၍ စိတ်ဓါတ်ပြိုကွဲ ပျက်ပြားသွားပြီဆိုလျှင် ဘ၀၏ရှင်သန်မှု့ သည်လည်း ရပ်ဆိုင်းသွားကြောင်း ပြောနေပါသည်။

ထို့နောက် အားနှင့်မာန်နှင့် ရှင်သန်နိုင်ကြသည့် ဗေဒါ ၊ ပျဉ်းမငုတ်တို နှင့် ကောက်ရိုးနွယ်အကြောင်း ကို ပြောနေပြန်ပါသည်။သူကဆက်၍ …..

“ ၈ျပန်မှာ ၀ါးဟာ အားမာန်သတ္တိနဲ့ ရှင်သန်နိုင်ခြင်းကို ညွှန်းဆိုတဲ့ သင်္ကေတ ဖြစ်ခဲ့ဘူးတယ်ဗျ။ ၀ါးပင်ဟာ တောင်ပေါ်မှာရော တောင်အောက်မှာရော ချောက်ကမ်းပါးမှာရော ပေါက်ရောက်ရှင်သန်နိုင်တယ်။အနိမ့်မှာရော အမြင့်မှာပါ ၀ါးဟာရှင်သန်နိုင်စွမ်းတယ်ပေါ့ဗျာ။အဲဒီဝါးပင်လိုပဲ လူဟာဘယ်လိုအခြေအနေ ဘယ်လိုအရပ်မှာပဲရောက်ရောက် ရောက်ရာကျရာနေရာမှာ ရှင်သန်နိုင်ရမယ်။ဘ၀ဆိုတာ မရေရာဘူး မဟုတ်လားအကောင်းအဆိုး အခြေအနေအမျိုးမျိုးမှာ ကျရောက်တတ်တယ်။နိမ့်လျော့ချည်တစ်ခါ မြင့်တက်ချည်တစ်လှည့် ဖြစ်တတ်တာမျိုးတွေလဲရှိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးမှာပဲကျရောက်ကျရောက် ရှင်သန်နိုင်ရမယ် ။ ငါဟာရှင်သန်နိုင်ရမယ် ။ အဲဒီလို ကျွန်တော် ပြန်အားတင်းခဲ့ရတယ်ဗျ……..

“ပြီးတော့ အီကေဘာနာ (IKEBANA )လို့ခေါ်တဲ့ ၈ျပန် ပန်းအလှပြင်တဲ့ ပညာမှာ ကျွန်တော့်အတွက် အင်အားတစ်ခု ရလာခဲ့တာရှိတယ် ။ ပန်းအလှပြင်ရာမှာ သူတို့ယဉ်ကျေးမှုနဲ့ သူတို့ အယူအဆ အနက်အဓိပါယ် ကောက်ယူမှုအမျိုးမျိုး အစိအရင်အမျိုးမျိုး`ရှိတယ်။ထားပါတော့ ဒါတွေကိုပြောဖို့ မဟုတ်ပါဘူး။ ကျွန်တော်လည်းစိတ်မ၀င်စားဘူး၊ကျွန်တော်စိတ်ဝင်စားတာက အဲဒီပန်းအလှပြင်ခြင်းရဲ့ နောက်ကွယ်မှာ ထားရှိခဲ့ဘူးတဲ့ စိတ်ဓါတ်ကိုပဲ ။ပန်းအလှပြင်ဖို့ ချထားတဲ့ပန်းပုံကိုကြည့်ရင် ပန်းတွေ အရွက်အခက်တွေ အကိုင်းတွေ မျိုးစုံပဲ။သောင်းပြောင်းရောထွေးနေတာပဲ။ဒါပေမယ့် ပန်းအလှပြင်သူဟာ ပန်းပုံထဲကပန်းတွေ အခက်တွေကို တစ်ခုနဲ့တစ်ခု ဆီလျော်ညီညွတ်အောင် ရွေးထုတ်ပြီး လှပတဲ့ ပန်းအိုးတစ်အိုးဖြစ်အောင် ဒါမှမဟုတ် အလှအပပန်းစု တစ်ခုဖြစ်အောင် ဖန်တည်းနိုင်စွမ်းတယ်။ဒါတွင်မဟုတ်သေးဘူး ထားမည့်နေရာ တည်ရှိမည့်အခန်းနဲ့ပါ လိုက်ဖက်ညီညွတ်အောင် ပန်းအလှကို ရွေးချယ်ဖန်တည်းနိုင်ခြင်းပဲ။ကြည့်လိုက်ရင် ပန်းအိုးဟာ အခန်းနဲ့ သိတ်ကို လိုက်ဖက်သွားတယ်။အခန်းဟာလည်း ချမ်းမြေ့ဖွယ်ဖြစ်သွားတယ်။

“သောင်းပြောင်းရောထွေးနေတဲ့ ပန်းပုံကြီးလို လောကမှာ ရင်ဆိုင်စရာတွေ၊ လုပ်ကိုင်ဖြေရှင်းစရာတွေ အများကြီး တစ်ထွေးတစ်ပွေ့ကြီးပါပဲ၊ အဲဒါတွေထဲက ကောင်းနိုးရာရာတွေ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လုပ်ဆောင်ဖြေရှင်းမယ်။ကိုယ့်လုပ်ရပ် ကိုယ့်ဖြေရှင်းချက်တွေဟာ ကိုယ့်ပါတ်ဝန်းကျင်ကိုလည်း လှပစေရမယ် ဆိုတဲ့စိတ်ဓါတ် ကျွန်တော့မှာဖြစ်လာတယ်ဗျ။ကစဥ့်ကလျား ဖြစ်နေတဲ့ မလိုလားအပ်တဲ့ စိတ်တွေကို ဖယ်လိုက်တဲ့အခါမှာ ကျွန်တော်လုပ်ဆောင်ရမယ့် အလုပ်ကိုမြင်လာတယ်။ကျွန်တော်လည်းပြန်ပြီး ရှင်သန်ထမြောက်လာသလိုပဲ။အဲ….နေဦးဗျ။ကျွန်တော့်ကိုတစ်ကယ်လက်တွေ့ လုပ်ကိုင်ဆောင်ရွက်စေဖို့ ဖန်တည်းလိုက်တာကတော့ ပြောခဲ့တဲ့အပင်တွေ ပန်းပွင့်ပန်းခက်တွေ မဟုတ်ဘူးဗျ။ ကျွန်တော်ပြောတာကြားရရင် ခင်ဗျားတို့ ရယ်မလားဘဲ။တကယ်တော့ ကျွန်တော့ဘ၀ကို အခုလိုဖြစ်လာအောင် အားမာန်သတ္တိအပြည့် ပေးလိုက်တာကတော့ ဖားကလေးတစ်ကောင် ၊ အာဖရိက ဖားကလေးတစ်ကောင် ပေါ့ဗျာ…….

“မှောင်မိုက်တဲ့ ချမ်းအေးတဲ့ ညတစ်ညမှာ ဖားကလေးနှစ်ကောင်ဟာ အစာရှာထွက်လာကြတယ်ဗျ။ မှန်းကြည့်ပေါ့ဗျာ။ မြက်ကိုင်းပင်တွေ ၊ ကျောက်တုံးတွေကို ခုန်ပျံကျော်လွှားရင်း ထွက်လာကြတာ ဖြစ်မှာပေါ့။ ဒီလို ခုန်လွှားရင်း ရွာကလေးတရွာအနားကို ရောက်လာတယ်။အဲဒီရွာက နွားတွေမွေးမြူတဲ့ရွာ။မလိုင်တို့ ဒိန်ခဲတို့ထွက်တဲ့ရွာ ။ ဖားကလေးနှစ်ကောင်ဟာ ခုန်လွှားရင်းက ရွာထိပ်က အဘွားကြီးတစ်ဦးရဲ့ တဲကလေးဘေးမှာရှိနေတဲ့ မလိုင်အိုးကြီးထဲကို အခန့်သင့်နှစ်ကောင်လုံးကျသွားတယ်။ စားရကံကြုံတော့ မလိုင်အိုးထဲမှ တည့်တည့်ကျတော့တာပဲ။ဖားကလေးနှစ်ကောင်ဟာ မလိုင်တွေကိုစိတ်ကြိုက်စားကြတာပေါ့။ စားလို့ဝတဲ့အခါမှာ မလိုင်အိုးထဲက ထွက်ကြတယ်။ ဒါပေမယ့် ဘယ်လိုမှ ထွက်မရတော့ဘူး။ခုန်လို့လည်းမရ ကုတ်ကပ်တက်တော့လည်း မလိုင်အိုးကချောမွတ်နေတော့ တက်လို့မရတော့ဘူး။ ဒါနဲ့ ဖားနှစ်ကောင်ဟာ မလိုင်တွေထဲမှာ တ၀ဲလည်လည်နဲ့ ကူးနေကြတယ်။ ကူးရတာကြာလာတော့ ဖားတစ်ကောင်က စိတ်ဓါတ်ကျလာတယ် ၊စိတ်ဓါတ် ပြိုကွဲသွားတယ်ပေါ့ဗျာ ။ ငါကူးနေလည်း အလကားပါပဲ အိုးကြီးထဲကထွက်နိုင်တော့မှာ မဟုတ်ဘူးဆိုပြီး စိတ်လျော့သွားတယ် ။ အတ္တပြိုကွဲသွားတယ်ပေါ့ဗျာ ။ဒါနဲ့ မကြာခင်ပဲ အသက်ကုန်သွားတယ်……….

“ကျန်တဲ့ဖားကလေးကတော့ သေသည်အထိ ကူးမယ်ဆိုပြီး ကူးနေတယ် သူ့စိတ်ဓါတ်က ပြိုကွဲမသွားဘူး ။ ကူးရင်းကူးရင်းနဲ့ ဆောင်းညရဲ့အ အေးကလည်းပိုပိုလာတော့ အိုးကြီးထဲက မလိုင်တွေဟာ ဒိန်ခဲအဖြစ် တဖြည်းဖြည်းရောက်လာတယ် ။ ဒီလိုဒိန်ခဲအဖြစ် ရောက်လာတော့ ဖားကလေးအတွက် ထောက်ခုန်စရာရလာပြီး အိုးကြီးထဲက ခုန်ထွက်လိုက်တယ် ။ လွတ်မြောက်သွားတဲ့ဖားကလေးဟာ လိုရာသွားနိုင်ပြီပေါ့ဗျာ ။ အခုကျွန်တော်ပြောနေတာဟာ အာဖရိကပုံပြင်ထဲက ဖားကလေးအကြောင်းဗျ ။ ကျွန်တော်ဒီအခြေအနေကို ရောက်သည်အထိ လုပ်ဆောင်နိုင်အောင် အင်အားပေးခဲ့တာ အဲဒီဖားကလေးပဲပေါ့ဗျာ ။ သိတ်ကျေးဇူးတင်ပါတယ် “

စကားဝိုင်းသိမ်းကြပါသည် ။

အထက်ပါအကြောင်းအရာများကို ပြောပြသောအိမ်ရှင်က ခမ်းနားသောသူ၏အိမ်မှထွက်၍ ခြံဝင်းပေါက်အထိ ကျွန်တော်တို့အား လိုက်ပါပို့ဆောင်ပြီး နှုတ်ဆက်ပါသည် ။။

နန္ဒာသိန်းဇံ

No comments:

Post a Comment