


Contribution for Sayama Daw Sein Sein ( MP-Department )CGTI.
Sr; No Name Major Year $ Amount
01 Ko yee lwin MP 1995 30
02 ko htun htun MP 1995 50
03 ko Than Oo MT 1995 50
04 ko Htay Win MT 1986 100
05 ko Min Zaw EP 1993 30
06 ko Myo Win EP 1993 50
07 Ko KhinMg Thin MT 1995 30
08 Ko Ko Oo EP 1993 50
09 Ko KyawThanHtut MT 1994 50
10 KoKyawLwinOo EP 1993 50
11 KoYeeHtut EP 1987 50
12 Ko MyoZaw MP 1993 50
13 KoSoeLwinOo MP 1993 30
14 MaWinWinMyint CIVIL - 20
15 KoWinAung EP 1993 30
16 KoHlaMinHtut MT 1993 50
17 KoTinMoeHlaing CIVIL 1993 30
18 KoKhinKyawHtwe MT 1993 50
19 KoYeeChan MP 1993 30
20 Ko Thein Tun MP 1993 50
All Total contribution amount is $ 880.00 and sent to Ko Aung Mya ( +95-9505 7024 )
On 28th May 2011 .The Myanmar Kyats amount is 580,000 Kyats exactly.
ဗြိတိသျှ ရူပဗေဒ ပညာရှင် စတီဖင် ဟော့ကင်း က ‘ကောင်းကင်ဘုံ ဟူသော အယူအဆနဲ့ သေပြီး နောက်ဘ၀ ဆိုတာတွေဟာ ဒဏ္ဍာရီ ပုံပြင်တွေလိုပါပဲ’ ဟု မကြာခင်က ထပ်မံပြောခဲ့တဲ့အတွက်
ဘာသာရေး ခရေဇီများအကြား ပွက်လောညံကုန်သည်။
“ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ ကျနော် ယူဆတယ်။ ပါဝင်တဲ့ အစိတ်ပိုင်းတွေ ပျက်စီးသွားရင် ရပ်သွားတာပါပဲ။ ပျက်စီးကျိုးပဲ့သွားတဲ့ ကွန်ပျုတာတွေအတွက် ကောင်းကင်ဘုံတို့ နောင်ဘ၀တို့ မရှိနိုင်ဘူး။ လူတွေအတွက်လည်း ဒီလိုပါပဲ။ အသိဥာဏ် အမှောင်ထဲက ကြောက်ရွံ့မှုတွေ အတွက် ကောင်းကင်ဘုံနဲ့ နောင်ဘ၀ကို နတ်သမီးပုံပြင်လို ဖန်တီးထားကြတာ” ဂါဒီယန် သတင်းစာကြီးကို ပြောခဲ့သည်။
ဗြိတိသျှ ရူပဗေဒပညာရှင် ဟော့ကင်းမှာ အသက် ၂၁ အရွယ်တွင် amyotrophic lateral sclerosis ရောဂါ ရရှိပြီး၊ ခန္ဓာကိုယ်မလှုပ်ရှားနိုင် စကားမပြောနိုင် ဖြစ်ခဲ့သည်။ A.L.S ရောဂါ ရရှိသူ အများစုမှာ ငါးနှစ်အတွင်း သေဆုံးကြသည်။ ယခု ဟော့ကင်းက ၄င်းရောဂါဝေဒနာသည်များထဲတွင် ထူးထူးဆန်းဆန်း အသက်အရှည်ဆုံးလူ ဖြစ်နေသည်။
သူ့ရောဂါနှင့် ပတ်သက်ပြီး ဂါဒီယန်ကို ပြောရာတွင် “လွန်ခဲ့တဲ့ ၄၉ နှစ် ကတည်းက မကြာခင် သေတော့မယ်ဆိုတဲ့ အမြင်နဲ့ ကျနော် အသက်ရှင်နေခဲ့ပါတယ်။ သေခြင်းကို ကျနော် မကြောက်ဘူး။ ဒါပေမဲ့ အခုမြန်မြန်သေမယ်လို့လည်း မထင်သေးဘူး။ ကျနော့်မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်” ဟု အသက် ၆၉ နှစ်ရှိ ဟော့ကင်းက ပြောသည်။
၁၉၆၀ ပြည့်လွန်နှစ်များတွင် ဟော့ကင်းက စကြာဝဠာရှိ တွင်းမည်းကြီးများရဲ့ ဂုဏ်သတ္တိအကြောင်း သင်္ချာဖြင့် ခွဲခြမ်းစိတ်ဖြာ ရှင်းလင်းခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် အိုင်းစတိုင်းရဲ့ general theory of relativity နဲ့ အိုင်းစတိုင်း လက်မခံခဲ့လို့ အငြင်းပွားနေရတဲ့ quantum mechanics နိယာမတွေကို ဆက်စပ်ဖြေရှင်းပေးခဲ့သည်။
၁၉၈၈ တွင် စကြာဝဠာရဲ့ နယ်နမိတ်တွေကို ရှင်းပြတဲ့ သူ့ရဲ့ ‘အချိန်ရဲ့ သမိုင်းအကျဉ်း’ စာအုပ်မှာ အုတ်ရေ ၁၀ သန်းကျော် ရောင်းရပြီး နှစ်နှစ်ဆက်တိုက် ဘတ်ဆဲလာ ဖြစ်ခဲ့သည်။ မနှစ်က ထုတ်ခဲ့တဲ့ ‘The Grand Design’ စာအုပ်တွင်လည်း ဂေါ့ဒ်က စကြာဝဠာကို မဖန်ဆင်းခဲ့ကြောင်း တင်ပြထားပြီး၊ ရူပဗေဒဖြင့် ဖန်ဆင်းရှင်ကို ဖယ်ရှားပစ်ခဲ့သည်။
သူ့စာအုပ်သစ် အဖွင့်တွင် “စကြာဝဠာဟာ ဘာမှမရှိတာတွေကနေ သူ့ဘာသာ ဖန်ဆင်းလာတာပဲ။ ဘာမှ မရှိတာကနေ တစုံတရာ ဘာကြောင့် ဖြစ်လာတာလဲ၊ စကြာဝဠာ ဘာကြောင့် တည်ရှိတာလဲ၊ ကျနော်တို့ ဘာကြောင့် ရှိတာလဲ ဆိုတာတွေကို အလိုအလျောက် ကောက်ခါငင်ကာ ဖြစ်ပေါ်လာမှု (spontaneous creation) ကသာ အကြောင်းခံပဲ” ဟု ရေးသားခဲ့သည်။
သူ့ရဲ့ ဖန်ဆင်းရှင် ငြင်းဆန်မှုအပေါ် ဂေါ့ဒ် ခရေဇီများက မကျေမနပ် ဖြစ်ခဲ့ကြသည်။ ယခု မြန်မာ မိရိုးဗလာ ဗုဒ္ဓဝါဒီများကလည်း နောင်ဘ၀ မရှိဘူးပြောတဲ့အတွက် ဟော့ကင်းကို ဥစ္ဆေဒ ဒိဌိကြီး ဟု သတ်မှတ်လာကြသည်။
မောက္ခ နိုင်ငံတကာသတင်း
Source:CNN
ဗုဒ္ဓဘာသာဝင်အဖို့ တရားထူးရခြင်းနှင့်ပတ်သက်၍ ဘာသာရေးစကားဝိုင်းများတွင် မကြာခဏဆွေနွေးကြပါသည်။ တရားထူးရန် မည်သည့်အချက်များ ပြည့်စုံရမည်နည်း။ မည့်သို့ ဖြည့်ကျင့်ရမည်နည်း။ ဘုရားလက်
သို့နှင့် ဆရာတော်ကြီးများ ဟောကြားချက်များကို ဖတ်ရှုလေ့လာကြည့်မိပါသည်။ မိမိဖတ်ရှုမိသမျှ အချက်အလက်များကို လိုရင်းတိုရှင်း တင်ပြသွားပါမည်
၁) သပ္ပုရိသသံသေဝေါ = သူတော်ကောင်းနှင့်ပေါင်းခြင်း။
၂) သဒ္ဓမ္မဿဝနံ = သစ္စာတရားမျိုးကိုရွှေး၍ နာခြင်း။
၃)ယောနိကော မနသိကာရ= မှန်မှန်ကန်ကန် ကြံဆနှလုံးသွင်းခြင်း။
၎)ဓမ္မာနုဓမ္မပဋိပတ္တ= ရနိုင်လောက်အောင် ဇွဲသန်သန်ဖြင့် အားထုတ်ခြင်း။
အထက်ပါအချက် ၄ ချက်ဖြင့် ပြည့်စုံမှ တရားထူးရမည်ဟု ဟောကြားထားပါသည်။ ” သူတော်ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာနှလုံး၊ ကျင့်သုံးဇွဲသန်၊ သောတာပန် ဖြစ်ရန်အကြောင်းလေး” ဟု အတိုချုပ် မှတ်သားထားရန် လိုအပ်ပါသည်။ အထက်မဂ်များအတွက် နောက်ထပ်အင်္ဂါများလိုပါသေးလားဟု မေးလျှင် မရှိပါ။ ဤလေးချက်ဖြင့် ပြည့်စုံက အရဟတ္တမဂ်အထိ ရနိုင်ပါကြောင်းကို မြတ်စွာဘုရားက ဟောကြားထားခဲ့ပါ
“စတ္တာရောမေ ဘိက္ခဝေ ဓမ္မာ ဘာဝိတာ ဗဟုလီကတာ သောတာပတ္တိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ သကဒါဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အနာဂါမိဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ အရဟတ္တဖလ သစ္စိကိရိယာယ သံဝတ္တံန္တိ၊ ကတမေ စတ္တာရော-
သပ္ပုရိသသံသေဝေါ
သဒ္ဓမ္မဿဝနံ
ယောနိကော မနသိကာရ
ဓမ္မာနုဓမ္မပဋိပတ္တ “
မြတ်စွာဘုရား တရားဟောပြီးတိုင်း ကျွှတ်တန်းဝင်သူများစွာ ပေါ်ထွက်လာကြသည်။ သောတာပန် မည်မျှ၊ သကဒါဂမ်မည်မျှ၊ အနာဂါမ်မည်မျှ၊ ရဟန္တာမည်မျှ စသဖြင့် သိရှိနိုင်သည်။ တရားနာရုံဖြင့် တရားထူးရသည်ဟု ထင်မှတ်ကြသည်။ ” မကျင့်ပဲနှင့် တရားထူးရကြပါသလား၊ ဘယ်အချိန်ကျင့်လိုက်ကြပါသလဲ”မေး
၁)မြတ်စွာဘုရားအပေါ် ယုံကြည်မှုရှိရမည်။
၂) ကျန်းမာသူဖြစ်ရမည်။
၃) စိတ်ထားဖြောင့်မတ်သူ ဖြစ်ရမည်။
၎) ဇွဲသန်ကြိုးစားအားထုတ်သူ ဖြစ်ရမည်။
၅) ဉာဏ်စွမ်းဉာဏ်စရှိရမည်။
တရားရသူ ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ယင်းတို့မှာ-
၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်။ မြတ်စွာဘုရားအားထူးတွေ့ရပြီး တရားအကျဉ်းမျှ ကြားနာရရုံဖြင့် တရားထူးရသူ။
၂) ၀ိပဉ္စိတညူ ပုဂ္ဂိုလ်။ တရားအကျဉ်းဟောရုံဖြင့် နားမလည်၊ အကျယ်ဟောပြမှ တရားထူုးရသောသူ။
၃) နေယျပုဂ္ဂိုလ်။ အကျဉ်းအကျယ်ဟောရုံဖြင့် သဘောမပေါက် အကြိမ်ကြိမ် အထပ်ထပ် ဆွေးနွေးမေးမြန်းပြီး ဘာဝနာပွါးမှ တရားထူးရသူ။
၎) ပဒပရမ ပုဂ္ဂိုလ်။ တရားနာခြင်း ဆွေးနွေးမေးမြန်းခြင်း ဘာဝနာပွါးများခြင်းများ ပြုလုပ်သော်လည်း ဤဘ၀၌ တရားထူးမရနိုင်။ နောက်နောင်ဘ၀များတွင် တရားထူးရရန် အထုံဗီဇအဖြစ်သာ ရရှိသူ။
ပုဂ္ဂိုလ်လေးမျိုးရှိတဲ့အနက် အကျဉ်းမျှနာကြားရရုံဖြင့် တရာထူးရသူတို့သည် ၀ိပဿနာတရား အားမထုတ်ရပဲ မဂ်ဖိုလ်ရသည်ဟု မမှတ်ယူသင့်ပါ။ မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် တရားနာရုံဖြင့် ဉာဏ်က ခန္ဓာကို မလှည့်ပဲ တရားထူးရစရာမရှိဟု ဟောကြားထားပါသည်။ နာကြားယုံဖြင့် တရားထူး မရနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သတိပဋ္ဌာန်၏အာရုံဖြစ်သော ရှုကွက်ဖြစ်သည့် ကာယ၊ ဝေဒနာ၊ စိတ်၊ ဓမ္မသဘောတရားတို့အနက် တစ်ခုခုကိုမျှ မရှုပဲ ၀ိပဿနာပညာလည်း ဖြစ်ရိုးမရှိ၊ အရိယာမဂ်လည်း ဖြစ်ရိုးမရှိဟု မဟာစည်ဆရာတော်ကြီးဟောကြားထားပါ
ယနေ့ခေတ်လူတို့မှာ အမှတ် ၁ နှင့် ၂ ပုဂ္ဂိုလ်များ မရှိသလောက် ရှားသွားပြီဟု မိမိထင်မြင်မိပါသည်။ အမှတ် ၃နှင့် ၄ ပုဂ္ဂိုလ်များ ဖြစ်ဖို့များပါသည်။ မိမိကိုယ်တိုင် အမှတ် ၃ လား၊ ၄ လားဆိုသည်ကို တရား အားမထုတ်ကြည့်ပဲ မသိနိုင်ပါ။ မိမိ ဤဘ၀တွင် ပဉ္စာနန္တရိယကံ ၅ ပါးမကျူးလွန်ထားပါက တရားထူးရနို
ချမ်းသာစစ်နှင့် ပြည့်စုံကြပါစေ။
ပြေဇော်
အရှင်သာရိပုတ္တရာလောင်း(သုရုစိရသေ့)ဟာ လွန်ခဲ့တဲ့တစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတုန်းက အနောမဒဿီ မြတ်စွာဘုရားရှင်ရဲ့ လက်ယာတော်ရံ နိသဘမထေရ်ကို အားကျကြည်ညိုပြီး လက်ယာတော်ရံ အဂ္ဂသာဝကဆုကို ပန်ဆင်တော်မူခဲ့တာပါ။ စာရေးသူတို့ရဲ့ ရှင်တော်ဘုရား လက်ထက်ရောက် တဲ့အခါ ရာဇဂြိုဟ်ပြည် အနီးနားက ဥပတိဿရွာမှာ ရွာသူကြီး ၀င်္ကန္တပုဏ္ဏား ကြီးနဲ့ ရူပသာရီပုဏ္ဏေးမကြီးတို့ရဲ့ သားကြီးသြရသ ဥပတိဿလုလင် ဖြစ်လာပြီး ရဟန်းပြုတော်မူတဲ့အခါ မယ်တော်ရဲ့ အမည်ကို အစွဲပြုကာ အရှင်သာရိပုတ္တရာ လို့ အမည်တွင် ထင်ရှားတော်မူခဲ့တာ ဖြစ်ပါတယ်။
ကနဦးအစမှာတော့ ဥပတိဿလုလင်ဟာ မသေရာ တရားကို ရှာဖို့ အတွက် သိဉ္စည်းဆရာကြီးအထံမှာ ပရိဗိုဇ်လုပ်ပြီး နေပါတယ်။ ဒါပေမယ့် သိဉ္စည်းဆရာကြီးဆီမှာ မသေရာတရား မရှိမှန်း သိရတဲ့အတွက် ရာဇဂြိုဟ် မြို့တွင်း မြို့ပြင်ထွက်ကာ မသေရာတရားရှာဖွေရာ ပဉ္စ၀ဂ္ဂီ အ၀င်အပါ အရှင်အဿဇိ ရဟန္တာမထေရ်ကို ဖူးတွေ့ရပြီး အကျဉ်းမျှဟောပြတဲ့ ယေဓမ္မာ ဟေတုပ္ပဘာဝါ ဂါထာထက်ဝက်ကို ကြားနာရရုံနဲ့ သောတာပန် အရိယာ ဖြစ်ခဲ့ ပါတယ်။ အဲဒီနေ့မှာပဲ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတော်ကို ရောက်ရှိလာပြီး ဧဟိဘိက္ခု အဖြစ်ကို ရရှိခဲ့ပါတယ်။ ရဟန်းဖြစ်ပြီးနောက် ၁၅-ရက်အကြာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပိုတွဲလပြည့်နေ့မှာ အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရဟန္တာဖြစ်တော်မူပြီး သာဝကဉာဏ် အတွက် အထွတ်အထိပ်သို့ ရောက်တော်မူကာ လက်ယာတော်ရံ အဂ္ဂသာဝကအရာကို ရရှိတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာဟာ စကြာဝဠာတိုက်တစ်သောင်းမှာ ဘုရားရှင်က လွဲလို့ ဉာဏ်ပညာ အကြီးမားဆုံး မထေရ်မြတ်တစ်ပါး ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ရွာချတဲ့ မိုးရေစက် မိုးရေပေါက်တွေကိုတောင် ရေတွက်နိုင်တဲ့ ပညာ ရှိပါတယ်။ လူ့ပြည်မှာရှိတဲ့ အဘိဓမ္မာ တရားတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ဉာဏ်ပညာကြီးမားတော်မူမှု အမှတ်သင်္ကေတ တစ်ခု ဖြစ်ပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ အသားအရေဟာ ရွှေအဆင်းကဲ့သို့ ၀ါဝင်းတော်မူပြီး အဂ္ဂသာဝကဖြစ်တော်မူချိန်မှာ သက်တော် ၃၆ နှစ်ခန့် ရှိပါပြီ။ အရှင်သာရိပုတ္တရာဟာ ယခုဘ၀လိုပဲ ဘ၀သံသရာမှာ ဘ၀ပေါင်း ၅၀၀ တိတိ ရသေ့ရဟန်း ပြုတော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာကို အကြောင်းပြုပြီး ရှင်ရဟန်းအဖြစ် ရောက်ကြသူတွေဟာ ညီတော်(၃)ဦး၊ ညီမတော်(၃)ယောက် အပါအ၀င် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အရှင်သာရိ ပုတ္တရာ မထေရ်မြတ် ဟောကြားတော်မူတဲ့ တရားဒေသနာတော်ကို နာယူရလို့ သစ္စာလေးပါး သိမြင်ကြသူတွေဟာ အင်္ဂုတ္တရနိကာယ်ကျမ်းလာ "သမစိတ္တ သုတ္တန်" ဟောကြားတော်မူသော နေ့မှာပဲ နတ်ဗြဟ္မာ ကုဋေတစ်သိန်း အရဟတ္တဖိုလ် ဆိုက်ရောက်ပြီး အောက်မဂ် ၃-ပါးဆိုက်ရောက်တဲ့ နတ်ဗြဟ္မာတွေဆိုတာ မရေတွက်နိုင်လောက်အောင် များပြားပါတယ်။ ယုတ်စွအဆုံး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို သဒ္ဓါကြည်ညိုရုံမျှနဲ့ နတ်ပြည်ရောက်ကြတဲ့ မိသားစုအရေ အတွက်ဟာ ရှစ်သောင်းမျှရှိကြောင်း ပိဋကစာပေမှာ မှတ်တမ်းတင်ဖော်ပြထားပါ တယ်။
အရှင်သာရိပုတ္တရာဟာ ရှင်တော်ဘုရားပြီးရင် ဒုတိယအကြီးအကဲ ဖြစ်တာ နဲ့အညီ သံဃာ့အဖွဲ့အစည်းအပေါ်မှာ အထူးကြောင့်ကျစိုက်ပြီး၊ စောင့်ရှောက်တော် မူတတ်ပါတယ်။ ရဟန်းသံဃာ အားလုံးနောက်မှ ဆွမ်းခံဝင်ပါတယ်။ ရဟန်းသံဃာအားလုံး ဆွမ်းခံကြွသွားတဲ့အခါ ကျောင်းစဉ်လှည့်ကာ တံမြက် လှည်းသင့်ရာ လှည်းကျင်းပြီး အမှိုက်ကျုံးသင့်ရာမှာ ကျုံးတော်မူပါတယ်။ အသုံးအဆောင် ပစ္စည်းတွေကို နေရာတကျ ထားသိုကာ အမြင်မတော်တာတွေ ကိုလည်း ဖြုတ်သိမ်း ပြုပြင်တော်မူပါတယ်။ မကျန်းမာသူ ဂိလာနပုဂ္ဂိုလ်တွေကို ဆေးဝါးဓာတ်စာ လို မလို မေးတော်မူပြီး ရအောင်လည်း ရှာဖွေပေးတော်မူပါ တယ်။ သူနာပြု ပုဂ္ဂိုလ်တွေကိုလည်း ပြုစုစောင့်ရှောက် ချင်လာအောင် အားပေး စကားပြောကြားတတ်ပါတယ်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတဲ့ အခါမှာလည်း နောက်ပါ သံဃာတော်တွေရဲ့ လိုအပ်ချက်တွေကို အစ်ကိုကြီးတစ်ဦးပမာ ဖေးမကူညီ ဖြည့်ဆည်းပေးတော် မူပါတယ်။ ခရီးပင်ပန်းလို့ နွမ်းနယ် ညောင်းညာတက်သူ တွေကိုလည်း ဆီ၊ နနွင်း စတာတွေနဲ့ ဆုပ်နယ်ပြီး သက်သာ ကျန်းမာလာအောင် ပြုစုတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သံဃာတော်တွေဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို မိခင်ကြီးတစ်ဦးလို ချစ်ခင်ကြည်ညို အားကိုး တတ်ကြပါတယ်။
တစ်ခါတစ်ရံမှာတော့ အရှင်သာရိပုတ္တရာဟာ သာသနာတော်မှာ မပျော် ပိုက်တဲ့ ရှင်ငယ်၊ ရဟန်းငယ်တွေကို ပျော်မွေ့အောင်၊ ပျော်မွေ့တဲ့ ရှင်ရဟန်းတွေ ကိုလည်း ပုထုဇဉ်မှ သောတာပန်ဖြစ်အောင် သောတာပန်မှ ရဟန္တာဖြစ်အောင် အကြိမ်ပေါင်းများစွာ အထပ်ထပ် တရားဟောပြတတ်ပါတယ်။ ဒီလိုနည်းနဲ့ ရဟန္တာဖြစ်တော်မူတဲ့ သူတွေလည်း မနည်းလှပါဘူး။ ဒီလိုအခါမျိုးမှာတော့ အရှင် သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃာတော်တွေအဖို့ ဖခင်ရင်းလို တစ်မျိုး၊ ဆရာ ရင်းလိုတစ်သွယ် အင်မတန် လေးစား ကြည်ညိုဖွယ် ကောင်းလှပါတယ်။
သမ္ဘာရင့် ကျွမ်းကျင်တဲ့ ရတနာကုန်သည်တစ်ဦးဟာ စံချိန်မီ အရည် အသွေးပြည့် ကျောက်မျက်ကောင်းကို တွေ့ရရင် အင်မတန် မြတ်နိုးတန်ဖိုး ထားတတ်သလို ပညာအရာမှာ အင်မတန် မြတ်နိုး တန်ဖိုးထားတတ်သလို ပညာ အရာမှာ ဧတဒဂ်ဘွဲ့ရပြီး အဂ္ဂသာဝက ဖြစ်တော်မူတဲ့ အရှင်သာရိပုတ္တရာ မထေရ် ဟာလည်း အကြားအမြင်များပြီး ဉာဏ်ပညာ ထူးချွန်တဲ့ ပညာရှိသူတော်ကောင်းကို ဖူးတွေ့ရရင် လွန်စွာ အရေးထား မြတ်နိုးတော်မူတတ်ပါတယ်။
တစ်ချိန်မှာ ဓမ္မကထိကအရာ ဧတဒဂ်ဘွဲ့ ရတော်မူတဲ့ အရှင်ပုဏ္ဏမထေရ်ကို တွေ့တော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်က ၀ိသုဒ္ဓိ ၇ ပါးကို မေးတော်မူ ပါတယ်။ အရှင်ပုဏ္ဏမထေရ်က အာဇာနည်မြင်းကတဲ့ ရထား ၇ စီးနဲ့ ဥပမာပြုပြီး ပြည့်စုံရှင်းလင်းစွာ ပြန်လည်ဖြေကြားတော်မူပါတယ်။ အရှင်ပုဏ္ဏမထေရ်ရဲ့ အဖြေ စကားကို နာကြားတော်မူရတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်က ဒီလို မေးတိုင်း အဖြေကောင်းပေးနိုင်တဲ့ ပညာရှင်ပုဂ္ဂိုလ်မျိုးကို တစ်ကျောင်းထဲ အတူနေရုံမျှနဲ့ မကျေနပ်နိုင်ဘဲ မေးလိုတဲ့ အခါတိုင်း မကြာမတင် မဆိုင်းမတွ အဖြေရနိုင်ဖို့ ဦးခေါင်းပေါ်တင်ပြီး ခေါင်းခုနဲ့ အမြဲရွက်ထားချင်တယ်လို့ အမိန့်ရှိတော်မူပါ တယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သီလ သမာဓိ ပညာ ဂုဏ်သိက္ခာ တောင်ထွတ်တော်ဟာ ကြီးကျယ်မြင့်မားတော်မူသလောက် မိမိကိုယ်ကို မိမိ နှိမ့်ချမှု၊ စိတ်နေသဘောထား ကြီးမြတ်မှု ချိုင့်ဝှမ်းကြီကလည်း အင်မတန် ကျယ် ၀န်း နက်ရှိုင်းတော်မူလှပါတယ်။
တစ်နေ့မှာ အရှင်သာရိပုတ္တရာ မထေရ်ဟာ အမှတ်တမဲ့ သင်္ကန်းကိုင် တော်မူတဲ့ခါ သင်္ကန်းအစွန်းအနားက မညီမညာ ဖြစ်နေပါတယ်။ အဲဒါကို ရှင်သာမဏေဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးတစ်ပါးက မြင်တွေ့သွားရာ "အရှင်ဘုရား သင်္ကန်းကို ညီညီညာညာ ၀တ်ရုံသင့်ပါတယ်ဘုရား" လို့ လက်အုပ်ချီပြီး လျှောက်ထားပါတယ်။ အဲဒီအခါ အရှင်သာရိပုတ္တရာမထေရ်က မိမိသင်္ကန်း မညီမညာတာကို သင့်တော်တဲ့နေရာမှာ ကောင်းမွန်စွာ ပြင်ဝတ်ပြီး ကိုရင်ထံ ပြန်လာကာ "ဒီလောက်ဆို သင့်တော်ပါပြီလား"လို့ ဆရာအရာမှာထားပြီး တလေး တစား တုံ့ပြန်တော်မူခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကလေးကို အခြေခံကာ နောင်တစ်ချိန်မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "ဒီနေ့မှာပဲ သာမဏေ ဖြစ်စ ၇-နှစ်အရွယ် ကိုရင်ငယ်ကလေးက ဆိုဆုံးမလာသည့်ဖြစ်စေ သူတော်ကောင်း တွေရဲ့ ဆိုဆုံးမမှုမှန်သမျှကို ဦးထိပ်တင်ပြီး ခံယူပါတယ်။ ကိုယ့်အမှားကို ထောက်ပြပြီး ဆုံးမသွန်သင်တတ်သူဆရာကို ရွှေအိုးကို လက်ညှိုးထိုး ညွှန်ပြ ပေးသူလို မြတ်နိုးတန်ဖိုးထားပြီး ဆည်းကပ်ပါတယ်"လို့ ဥဒါန်းကျူးရင့်ကာ မိန့်ကြားတော်မူခဲ့ပါတယ်။
တကယ်တော့ သူတော်ကောင်းတွေရဲ့ နှလုံးသားဆိုတာ ၀ါးရုံပင်မြင့်မြင့် ကြီးတွေလိုပဲ အထက်ကို ပိုမြင့်မားလေ အောက်ကို ပိုမိုညွတ်ကိုင်းလေ ဖြစ်ပါတယ်။ ဒီလို နှလုံးသားမျိုး ရှိတော်မူခဲ့လို့လည်း အရှင်သာရိပုတ္တရာ မထေရ် မြတ်ကြီးဟာ ရှင်ပဏ္ဍိတ၊ ရှင်သုခ၊ ရှင်တိဿ စတဲ့ ၇-နှစ်အရွယ် သားတပည့် ရဟန္တာ ကိုရင်ငယ်လေးတွေရဲ့ အင်မတန် ချစ်ခင်မြတ်နိုး အားကိုးထိုက်တဲ့ ဥပဇ္ဈယ် ဆရာ ဖခင်ကြီးတစ်ဦး ဖြစ်တော်မူခဲ့တာပါ။
အရှင်သာရိပုတ္တရာရဲ့ နှလုံးသား ပင်လယ်ပြင်ကြီးဟာ မေတ္တာရေထုကြီးနဲ့ အတိုင်းအဆမရှိ ကျယ်ပြောနက်ရှိုင်းတော် မူသလို သူတစ်ထူးရဲ့ ကျေးဇူးတရားကို သိတော်မူတတ်ခြင်းဆိုတဲ့ လှိုင်းတံပိုးတွေကလည်း လွန်စွာကြီးမားများပြားလှ ပါတယ်။
တစ်ချိန်က သာဝတ္ထိမြို့မှာ "ရာဓ" အမည်ရတဲ့ ပုဏ္ဏားအိုကြီးတစ်ဦးဟာ အထီးကျန်မွဲ သူဆင်းရဲဖြစ်တာမို့ ဇေတ၀န်ကျောင်းတော်မှာ ရဟန်းတော်တွေကို မှီပြီး နေထိုင်ရပါတယ်။ ပုဏ္ဏားကြီးက ရဟန်းဝတ်လိုပေမယ့် ရဟန်းတော်တွေက "အသက်အရွယ်ကြီးပြီး ၀ိနည်းသိက္ခာပုဒ်တွေ ထိန်းသိမ်းနိုင်မယ် မထင်တာနဲ့ "စားစရာ၊ နေစရာနဲ့ ၀တ်စရာတွေ ပေးကြပေမယ့် ရဟန်းပြုမပေးကြဘူး၊ ရဟန်းပြု ချင်ပေမယ့် ပြုခွင့်မရတဲ့ ရာဓပုဏ္ဏားကြီးဟာ တစ်နေ့တခြား ကြုံလှီပိန်ချုံးလာ ပါတယ်။ တစ်နေ့ မြတ်စွာဘုရားနဲ့ တွေ့တော်မူလို့ ပုဏ္ဏားကြီးရဲ့ အဖြစ်ကို စုံစမ်း မေးမြန်းသိတော်မူတဲ့အခါ သံဃာအားလုံးကို ကျောင်းဆောင်ထဲ စုဝေးစေပြီး ရှင်တော်ဘုရားက "ဘယ်သူဟာ ဒီရာဓပုဏ္ဏားကြီး ပြုခဲ့ဖူးတဲ့ ကျေးဇူးကို အမှတ် ရကြသလဲ"လို့ မေးတော်မူပါတယ်။
အဲဒီအခါ အရှင်သာရိပုတ္တရာ မထေရ်က "တပည့်တော် ရာဓပုဏ္ဏားကြီးရဲ့ ကျေးဇူးကို သတိရပါကြောင်း" လျှောက်ထားတော် မူပါတယ်။ ရှင်တော်ဘုရားက "ဘယ်လို ကျေးဇူးပြုဖူးသလဲ" လို့ ထပ်ဆင့်မေးတော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်က "တပည့်တော် တစ်ချိန်က သူ့အိမ်ရှေ့မှာ ဆွမ်းခံရပ်တော့ ဆွမ်း တစ်ဇွန်း လောင်းလှူဖူးပါတယ်။ အဲဒီကျေးဇူးကို တပည့်တော် မမေ့ပါဘူးဘုရား" လို့ ပြန်လည် လျှောက်ထားတော်မူပါတယ်။ "အေး…. ချစ်သားလို ကျေးဇူးသိ တတ်တဲ့ ပုဂ္ဂိုလ်ရှိပါလျှက် ဒီပုဏ္ဏားကြီး ဘာဖြစ်လို့ ရဟန်းအဖြစ်ကို မရနိုင်သလဲ" လို့ ဘုရားရှင်က မိန့်တော်မူတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မြတ်စွာဘုရားထံ ခွင့်ပန်ပြီး ရာဓပုဏ္ဏားကြီးကို ရဟန်းပြုပေးတော် မူပါတယ်။
ရဟန်းပြုပေးတော် မူပြီးနောက် အရှင်သာရိပုတ္တရာ မထေရ်ဟာ ရာဓရဟန်းကြီးကို နောက်ပါရဟန်းအဖြစ် မိမိသွားလေရာကို ခေါ်ဆောင်တော် မူကာ မိမိအတွက် ရရှိတဲ့ ဆွမ်းကောင်း နေရာကောင်းနဲ့တကွ အဆုံးအမ သြ၀ါဒ တွေကို မပြတ်ပေးသနားတော်မူပြီး စောင့်ရှောက်တော်မူတာမို့ မကြာခင်မှာပဲ ရာဓပုဏ္ဏားကြီးဟာ ရဟန်းကိစ္စပြီးလို့ ဧတဒဂ်ရ ရဟန္တာအရှင်မြတ်ကြီးတစ်ပါး ဖြစ်တော်မူခဲ့ပါတယ်။ "တစ်လုပ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့ ဥဒါန်းစကားလေးဟာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ သူတော်ကောင်း နှလုံးသားက စတင်ပေါက်ဖွား လာခဲ့ရတာပါ။
သူတစ်ထူးရဲ့ ကျေးဇူးကို သိတော်မူတတ်ရာမှာ စံချိန်တင်တော်မူခဲ့တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ မိမိကို လောကုတ္တရာ အသိဉာဏ်ရအောင် ကျေးဇူးပြုတော်မူခဲ့တဲ့ အရှင်အဿဇိမထေရ် ဂုဏ်ကျေးဇူးကို နေ့ညဥ့်မပြတ် သတိရတော် မူတတ်တာမို့ ကျိန်းစက်တော်မူတဲ့အခါတိုင်း အရှင်အဿဇိမထေရ် သီတင်းသုံးတော်မူရာ အရပ်ကို ရှိခိုးပြီး အရှင်မြတ်ရှိတော်မူရာဘက်ကို ဦးခေါင်း ပြုကာ တစ်ဘ၀တာလုံး သက်ဝင်လှုပ်ရှားနေပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံကာနီး ၀မ်းသွေးသွန်တဲ့ ဝေဒနာတွေ ဖိစီးနေတဲ့ကြားက မယ်တော်ရူပသာရီ ပုဏ္ဏေး မကြီးရဲ့ မွေးကျေးဇူးကို သောတာပတ္တိမဂ်ဉာဏ်၊ ဖိုလ်ဉာဏ်နဲ့ အကျေအလည် ပေးဆပ်ပြီးမှပဲ ရပ်တံ့သွားတော်မူပါတယ်။
သူတစ်ပါးကို မိမိက အရင်ဦးအောာင် ကျေးဇူးပြုခြင်း၊ သူတစ်ပါးတို့ ပြုခဲ့ ဖူးသော ကျေးဇူးကို တုံ့ပြန်သိတတ်၊ ကျေးဇူးဆပ်ခြင်းဆိုတဲ့ ရွှေရောင်လွှမ်းတဲ့ ဒီအကျင့်မြတ်တွေဟာ သူတော်ကောင်း နှလုံးသားဆိုတဲ့ ပတ္တမြားရတနာကို ရှုမငြီးနိုင်အောင် ပိုမိုတင့်တယ် တောက်ပစေပါတယ်။
အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ ဉာဏ်ပညာအရာမှာ ဧတဒဂ်ရသလို (အကယ်၍ ပေးအပ်ရိုးထုံးစံသာ ရှိမယ်ဆိုရင်) သည်းခံခြင်းအရာ မှာလည်း ဧတဒဂ်ရတော်မူနိုင်ပါတယ်။ အမျက်ဒေါသမရှိ၊ မာန်မာနကင်းတော် မူတဲ့နေရာ မှာ အရှင်မြတ်ကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။ အရှင်သာရိပုတ္တရာ မထေရ် ဟာ မဟာပထ၀ီမြေကြီးပမာ သည်းခံနိုင်သူဖြစ်သလို ခြေသုတ်ပုဆိုး မြွေစွယ် ကျိုးနဲ့ ဦးချိုကျိုးတဲ့နွားလားပမာ မာန်မာကင်းသူလည်း ဖြစ်တော်မူပါတယ်။ တောင်းရမ်းစားသူ ဒွန်းစဏ္ဍားရဲ့ သားတစ်ဦးလို မိမိကိုယ်ကို နှိမ့်ချတဲ့ စိတ်ထား လည်း ရှိတော်မူပါတယ်။
အပူအရှုပ်နဲ့ လူလုပ်နေကြတဲ့ အန္ဓပုထုဇဉ်တွေဟာ ဘေးဒုက္ခအပူတွေ၊ ပြဿနာအရှုပ်တွေကို ဖန်တီးပြီး အရှင်သာရိပုတ္တရာ မထေရ်မြတ်ကို စွပ်စွဲရန် လုပ်တတ်တယ်။ တစ်ခါတစ်ရံ ဘာမှမတုံပြန်ဘဲ သည်းခံတတ်သလို တစ်ခါတစ်ရံ ကျတော့ တည်ငြိမ်ရဲဝံ့စွာ ဖြေရှင်းတတ်ပါတယ်။ တစ်ခါတုန်းက ဆိုရင် ရှင်တော်ဘုရားထံ မဟုတ်မတရား စွပ်စွဲတိုင်ကြားခဲ့တဲ့ ရဟန်းငယ်တစ်ပါး ကြောင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ သံဃပရိသတ်အလယ်မှာ မိမိရဲ့ စိတ်နေသဘောထားနဲ့ ကိုယ်ကျင့်တရားကို ရဲရဲတောက် ထုတ်ဖော်လျှောက် ထားခဲ့ပါတယ်။ အရှင်မြတ်ရဲ့ လျှောက်ထားချက်ကို ကြားနာရတဲ့အခါ ပုထုဇဉ် ရဟန်းတွေဟာ မျက်ရည်မဆည်နိုင် ဖြစ်ကြရပြီး ၊ ရဟန္တာအရှင်မြတ်တွေက ဓမ္မ သံဝေဂ ရတော်မူကြပါတယ်။ မဟာပထ၀ီမြေကြီးကတော့ မခံနိုင်တော့တဲ့ အဆုံး ၉-ကြိမ်၊ ၉-ခါ တုန်လှုပ်ခဲ့ရပါတယ်။
ဒီလို ဂုဏ်သတင်း ပျံ့မွှေးတော်မူတဲ့ မထေရ်မြတ်ရဲ့ အကြောင်းကို အယူဝါဒ မတူသူ ပုဏ္ဏားတစ်ဦးက ကြားသိရတဲ့အခါ မယုံကြည်တာမို့ ဆွမ်းခံဝင်နေတဲ့ အရှင်မြတ်ရဲ့ နောက်က လိုက်သွားပြီး အရှင်မြတ်ရဲ့ ကျောကုန်းအလယ်ကို လက်ဝါးနဲ့ ပြင်းထန်စွာ ရိုက်နှက် ပုတ်ခတ်ပါတယ်။ အရှင်သာရိပုတ္တရာ ဟာ" ဘာဖြစ်တာလဲလို့တောင် လှည့်ကြည့်တော်မမူဘဲ ကြွမြဲကြွတော်မူပါတယ်။ အဲဒီအခါ ရိုက်နှက်လိုက်မိတဲ့ ပုဏ္ဏားဟာ နောင်တတရားနဲ့ ပူလောင်လာပြီး" သည်းခံခြင်းဂုဏ်နဲ့ ပြည့်စုံတော်မူတဲ့ အရှင်မြတ်ဟာ အံ့သြဖွယ်ကောင်းပါပေစွ" လို့ ကြည်ညိုတော်မူကာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ရဲ့ ခြေတော်ရင်းမှာ ၀ပ်စင်းပြီး" အရှင်ဘုရား တပည့်တော်အား သည်းခံခွင့်လွှတ်တော်မူပါ" လို့ လျှောက်ထားပါတယ်။
မထေရ်မြတ်က "ဒါဟာ ဘာလဲ" လို့ မေးတော်မူတဲ့အခါ "တပည့်တော် စပ်းသပ်လိုတာနဲ့ အရှင်ဘုရားကို ရိုက်နှက်မိတာပါဘုရား"လို့ ပုဏ္ဏားက လျှောက်ထားပါတယ်။ "ရှိပါစေ၊ သင့်ကို ငါ သည်းခံပါတယ်" လို့ အရှင်သာရိပုတ္တ ရာက မိန့်ကြားတော်မူတဲ့အခါ ပုဏ္ဏားဟာ အရှင်မြတ်ကို နေအိမ်သို့ ရိုသေစွာ ပင့်ဆောင်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။ အဲဒီအချိန်မှာပဲ တခြားလူတွေဟာ စိတ်ဆိုးပြီး "ဒီပုဏ္ဏားဟာ အပြစ်မရှိတဲ့ ငါတို့ရဲ့အရှင်မြတ်ကို ရိုက်တယ်၊ သူ့ကို ဆုံးမရမယ်၊ ဒီနေရာမှာပဲ သေအောင်သတ်မယ်"လို့ တုတ်ဓား စတာတွေကိုင်ပြီး ပုဏ္ဏားရဲ့အိမ်တံခါးဝမှာ စုဝေးနေကြတယ်။
ဆွမ်းကိစ္စပြီးတဲ့အခါ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပုဏ္ဏားကို သပိတ် အကိုင်ခိုင်းပြီး အိမ်က ထွက်တော်မူလာတယ်။ လူအုပ်ကို တွေ့တာမို့ "ဒကာတို့ အဲဒါက ဘာသဘောလဲ"လို့ မေးမြန်းတဲ့အခါ "အရှင်ဘုရားကို ရိုက်နှက်တဲ့ ဒီပုဏ္ဏားမိုက်ကို ဆုံးမပေးကြမလို့ပါဘုရား" လို့ လျှောက်ထားကြတယ်။ "ဒကာတို့ ဒီပုဏ္ဏားက သင်တို့ ရိုက်တာမဟုတ် ငါ့ကိုရိုက်တာဖြစ်တယ်။ အခု ဒီပုဏ္ဏားက ငါ့ကို ခွင့်လွှတ်ဖို့ လျှောက်ထား တောင်းပန်ပြီးပြီ။ သင်ဒကာတို့ အိမ်ပြန်ကြ"လို့ အရှင်သာရိပုတ္တရာက တိုက်တွန်းပြီး ပုဏ္ဏားကိုလည်း အိမ်ပြန်စေကာ ကျောင်းတော်ကို ပြန်ကြွလာတော်မူပါတယ်။
သည်းခံခြင်းတရားနဲ့ သူတော်ကောင်း နှလုံးသားဆိုတာ "ရေကန်နဲ့ကြာ" လိုပါပဲ။ အချင်းချင်း အပြန်အလှန် အလှဆင်ပေးနေတဲ့ အရာတွေပါ။ သူတော် ကောင်းနှလုံးသားဆိုတဲ့ အေးမြကြည်လင်တဲ့ မေတ္တာရေစင်ကြောင့် တည်ငြိမ် လှပတဲ့ ခန္တီကြာပန်းတွေ ပွင့်လန်းလာသလို၊ ခန္တီကြာဝန်းတွေရဲ့ တည်ငြိမ်လှပမှု အရှိန်အ၀ါကြောင့်လည်း သူတော်ကောင်း နှလုံးသားဆိုတဲ့ ရေကန်ဟာ ပိုမိုထည် ၀ါ ကျက်သရေဖြာ လှပလာရပါတယ်။
ဉာဏ်ပညာကို မြတ်နိုးပြီး အဆုံးအမတရားကို ဦးထိပ်ထားတတ်သော၊ သူတစ်ထူးကျေးဇူးတရားကို သိမှတ်ပေးဆပ်တတ်သော၊ အမျက်မပါ မာနမရှိ ပကတိ သည်းခံတတ်သော သူတော်ကောင်းနှလုံးသားပိုင်ရှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဟာ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ဖွားရာဇာတိ နာလကရွာမှာ ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ပါတယ်။
သက်တော်(၈၀) ၀ါတော်(၄၄)၀ါအတွင်း သတ္တလောကရဲ့ အကျိုးစီးပွားကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူရင်း မထေရ်မြတ် ဟောကြားတော်မူအပ်တဲ့ တရားတော်တွေဟာ နိကာယ်ငါးရပ်၊ ပိဋကတ်တော်မှာ အင်မတန်များပြားတော်မူ လှပါတယ်။ ပဋိသမ္ဘီဒါမဂ်ပါဠိတော်၊ မဟာနိဒ္ဒေသပါဠိတော်၊ စူဠနိဒ္ဒေသပါဠိတော် တွေဟာ ကျမ်းစာအနေနဲ့ ထင်ရှားပြီး သာရိပုတ္တထေရ ဂါထာတော်တွေဟာ "ကိုယ်တိုင်ရေး ထေရုပ္ပတ္တိကျမ်းစာ" ဖြစ်သလို "တရားဟင်းလေးအိုးကြီး"လို့လည်း ဓမ္မရသစုံလင်စွာ ပါဝင်တော်မူပါတယ်။
တစ်ချိန်က ရှင်တော်ဘုရားဟာ အနီးမှာရှိတဲ့ အရှင်အာနန္ဒာကို "အာနန္ဒာ သူတစ်ပါးတွေက သာရိပုတ္တရာကို နှစ်သစ်ကြည်ညိုကြတယ်၊ သင်ကကော သာရိ ပုတ္တရာကို နှစ်သစ်သဘောကျရဲ့လား"လို့ မေးတော်မူပါတယ်။ အဲဒီအခါ အရှင် အာနန္ဒာဟာ" ဒီနေ့ ဇမ္ဗူဒိပ်ကျွန်းရဲ့ အလံတံခွန်သဖွယ်ဖြစ်တဲ့ သပြေပင်ကြီးကို လှုပ်ခါပြရတော့မယ်၊ ဒါမှမဟုတ် တိမ်တိုက်ကြားထဲက လပြည့်ဝန်းကြီးကို ထုတ်ဆောင်ပြရတော့မယ်" ဆိုပြီး ၀မ်းသာရွှင်ပြစွာနဲ့ အရှင်သာရိပုတ္တရာရဲ့ သူတော်ကောင်းဂုဏ်ရည် ၁၆ မျိုးကို ထုတ်ဖော်လျှောက်ထားတော်မူပါတယ်။
ပြီးမှ နိဂုံးချုပ်အနေနဲ့ "မြတ်စွာဘုရား၊ လောကမှာ လူဖျင်းလူအ၊ စိတ်ယုတ် မာရှိသူ၊ မိုက်လုံးကြီးသူ၊ ရူးသွပ်နေသူမဟုတ်ရင် ဘယ်သူမဆို အရှင်သာရိ ပုတ္တရာကို နှစ်သက်ကြည်ညိုကျြမှာပါဘုရား"လို့ လျှောက်ထားလိုက်ပါတယ်။ စာရေးသူလည်း အရှင်အာနန္ဒာရဲ့ တန်ဖိုးကြီးလေးမြတ်လှတဲ့ ဒီမှတ်ချက်မိန့်ခွန်း တော်နဲ့ပဲ တုနှိုင်း၍မမီတဲ့ သူတော်ကောင်းဂုဏ်ရည်ပိုင်ရှင် ပညာအရာ ဧတဒဂ်ရ အဂ္ဂသာဝက မထေရ်မြတ်ကြီးကို လေးမြတ်ကော်ရော်ရှိခိုး ပူဇော်လိုက်ပါတယ်။
ကျမ်းကိုး
၁။ အင်္ဂုတ္ထိုရ်အဋ္ဌကထာ (ပထမတွဲ)
၂။အပါဒါန်အဋ္ဌကထာ(ပထမတွဲ)
၃။ ဓမ္မပဒ အဋ္ဌကထာ(ပ+ဒု)
၎။သံယုတ် အဋ္ဌကထာ(ဒုတိယတွဲ)
၅။ မူလပဏာသ အဋ္ဌကထာ(ဆဋ္ဌမတွဲ)
၆။မဟာဗုဒ္ဓ၀င်ကျမ်း(ဆဋ္ဌမတွဲ)
http://ashinsirinda.com/ မှ ကူးယူဖော်ပြ ဓမ္မဒါန မျှဝေပါတယ်။
KOGYI PAUKSA ( SALAY )
စဉ်းစားဆင်ခြင်တတ်သော လူသား၏ အသိဥာဏ်သည် ဦးနှောက်မှ စ၍ဖြစ်ပေါ်လာ၏ ဟု ခေတ်သစ် သိပ္ပံပညာ က ဖော်ပြထားသော်လည်း ဗုဒ္ဓမြတ်စွာကမူ အသိဥာဏ်သည် ဟဒယ၀တ္တု ( ခေါ်) နှလုံးသား ဖြစ်တည်ရာ ဟဒယ၀တ္ထုရုပ်မှ ဖြစ်ပေါ်လာ၏ ဟု အတိအလင်း ဖော်ပြထားရာ ကျွနုပ်ငယ်စဉ်က ဘယ်လိုမှ မဆုံးဖြတ်နိုင်ပဲ သံသယတန်းလန်းနှင့် နေခဲ့ရဖူး၏။ ဗုဒ္ဓ၀ါဒက အသေအချာ မှန်မည် ဟု စိတ်က လက်ခံချင် သော်လည်း ဘယ်ပုံ ဘယ်နည်း မှန်ကန်သည် စသည်ကိုတော့ လက်လှမ်းမမှီနိုင်ခဲ့ပေ ။
သိပ္ပံပညာကလဲ အားကျမခံ အထောက်အထားနှင့်တကွ စောဒကတက်ထားသေး၏၊ ပညာရှင်တို့၏ အဆိုအရ လူတို့၏ ဦးနှောက်ခွံကို ခွဲခြမ်းစိတ်ဖြာ၍ အကြောတို့ကို ရှာဖွေသောအခါ ဝေဒနာကြော၊ သညာကြော၊ ဆန္ဒကြော၊ သမာဓိကြော၊ ရောင်ပြန်ကြော၊ သောတကြော၊ ဂန္ဓကြော၊ ရသာကြော၊ ပြန်လည်တွေးတောတတ် သောအကြော၊ စုံစမ်းသောအကြော၊ ဆုံးဖြတ်သောအကြော၊ စသည်တို့ကို တွေ့ရပြန်သတဲ့။
သိပ္ပံပညာရှင်တို့၏ နောက်ဆုံးပေါ် စမ်းသပ်စစ်ဆေးမှုတို့အရ သေဆုံးသူ လူတို့၏ ဦနှောက်ထဲ၌ မော်တော်ကား၊ မီးရထား၊ တိုက်တာ အဆောက်အဦး စသော အမျိုးမျိုးသော ရုပ်ဒြပ်တို့၏ ပုံသဏ္ဍာန်တို့သည် ဓာတ်ပုံရိုက်ထားသကဲ့သို့ ထင်ရှား ပေါ်လွင်နေ၏ ဟု ဆိုပြန်သည်၊ ထို့ကြောင့်ပင် ထိုသူတို့က ဦးနှောက်သည် အသိဥာဏ် ဆိုင်ရာ အချက်အလက်အားလုံးကို ထုတ်ပေးရာ၊ တနည်းအားဖြင့် သိုလှောင်ထားရာ အခန်းတစ်ခုဖြစ်သည် ဟု အတိအလင်း ကြေငြာနေကြ၏။
ကျွနုပ်နားလည်ထားသော သီအိုရီအရမူ ဦးနှောက်သည် မြင်ထား၊ ကြားထား ၊ နံထား၊ အရသာခံထား ၊ တွေးတောထားသော ရုပ်ဝတ္ထု တို့ကို ပြန်လည် ခံစားကာ သိမြင် နားလည်နိုင်သော သတ္တိ ဧကန်ရှိမည်ကား မှန်ပါ၏၊ သို့ပါသော်လည်း ဥပမာအားဖြင့် နှိုင်းယှဉ်ရလျင် အသံ၊ ရုပ်၊ ရုပ်သံဇာတ်လမ်းစသည်ကို သိုလှောင်ထားသော တိတ်ခွေ ၊ စီဒီခွေ တို့နှင့် ဦးနှောက်သည် တူညီ၏၊ အဘယ့်ကြောင့် ဆိုသော် တိတ်ခွေ၊ စီဒီခွေ တို့ အတွင်း၌ ဘာသီချင်းတွေ သိုလှောင်ထားသလဲ ဟု မေးလျင် ထိုအရာတို့သည် ရုပ်ဝတ္ထုမျှသာ ဖြစ်ပြီး နားလည် ခံစားနိုင်သော ဓာတ်သတ္တိ မရှိကြသောကြောင့် ဘာသီချင်းတွေ သိုလှောင်ထားသည် ဟု ဖြေနိုင်မည် မဟုတ်ပေ၊ အရုပ် ၊ အသံတို့ကို ကြားစေ ဖော်ပြစေနိုင်သော VCD, DVD , EVD, Mp3 Player စက်ပစ္စည်း တစ်ခုခု အကူအညီ ရှိမှသာ ဘာသီချင်းတွေ သိုလှောင်ထားမှန်း ရှိမှန်း သိနိုင်ပေလိမ့်မည်။
အထက်ပါ ဥပမာအတိုင်း ဆိုလျင် လူသားအပါအ၀င် သုံးဆယ့်တစ်ဘုံသား သတ္တ၀ါအားလုံးတို့တွင် ရှိနေသော ဦးနှောက်၊ မျက်စိ နား နှားခေါင်း၊ လျှာ ၊ ကိုယ်ခန္ဓာ တို့သည် အာရုံကို ခံစား သိမြင် နားလည်နိုင်စွမ်း သတ္ထိများ မရှိကြသော ရုပ်တရားများသာ ဖြစ်ကြ၏၊ ရုပ်တရားတို့သည် သူချည်းသက်သက် ဖြစ်တည်မနေနိုင်ပေ၊ ၀ိဥာဉ်ဟူသော နာမ်ရှိမှသာ သူတို့လဲ ရပ်တည်နိုင်ကြ၏၊ ၀ိညာဏဓာတ် ခေါ်သော နာမ်တရား ရှိမှသာ သိမြင် နားလည်နိုင်၏ ဟု အဖမြတ်စွာက ထိုထို ဆိုင်ရာ ဆိုင်ရာ သုတ္တန်တို့တွင် ဟောကြားထားခဲ့ဖူး၏။
ဆိုပါစို့ ၊ လူတစ်ယောက်သည် ထိတ်လန့် တုန်လှုပ်သွားသောအခါ ဦးနှောက်က အရင် တုန်လှုပ်သလား၊ နှလုံးသားတည်ရာ ဟဒယ၀တ္ထုရုပ်က တုန်လှုပ်သလား သေချာစဉ်းစားရန် လိုပေသည်၊ ကျွနုပ် အမြင်အရ ဆိုလျင် နှလုံးသားက တုန်လှုပ်ပြီးမှ ဦးနှောက်ဆီသို့ ပို့သည်ဟု မှန်းဆမိ၏။ ထို့အတူ တက်ကြွ ၀မ်းမြောက်ခြင်း၊ အမျက်ဒေါသ ထွက်ခြင်း စသည်တို့သည်လည်း ဦးနှောက်မှ စဖြစ်ဟန် မတူပေ၊ နှုလုံးသားဟူသော ဟဒယ၀တ္ထု မှ ဖြစ်ပြီးမှသာ ဦးနှောက်က သိမြင် ခံစားရ ဆုံးဖြတ်ပေးရဟန် ရှိ၏။
အကယ်၍သာ အသိဥာဏ်သည် ဦးနှောက်မှ စတင်ဖြစ်ပေါ်လာသည် မှန်ပါက ကျွနုပ်တို့သည် လူတစ်ဦး တစ်ယောက်အား ချစ်ခင်ကြင်နာမိလျင်ဖြစ်စေ ၊ နာကြည်း မုန်းတီးမိလျင်ဖြစ်စေ “ ငါ မင်းကို ဦးနှောက် ထဲက ချစ်တယ် ၊ ငါ မင်းကို ဦးနှောက်ထဲက မုန်းတီးတယ် ” ဟု ပြောကြရပေလိမ့် မည်။
တစ်ဖက်က ကြည့်လျင် ခေတ်သစ် သိပ္ပံပညာသည် ရုပ်တရားတို့၏ ဖြစ်စဉ်ကိုသာ တဖက်ကမ်းခတ် ဖော်ထုတ်နိုင်သော် လည်း အသိဥာဏ်ဆိုင်ရာ ၀ိညာဏဓာတ် နာမ်တရားတို့၏ သဘောကို အသေအချာ မဖော်ထုတ်နိုင်သေးပေ၊ သို့ဆိုလျင် အသိဥာဏ်ပညာသည် ဦးနှောက်မှ စတင်ဖြစ်ပေါ်သည် ဟူသော သိပ္ပံ၏ အဆိုကို မှန်းဆချက်လောက်ဖြင့် ပေါ်ထွက်နေသော အဆိုဟူ၍ပင် ဆိုရပေတော့မည်။
သိပ္ပံနည်းအရ ဓာတ်ဖိုနဲ့ ဓာတ်မ ၊ ဆွဲငင်အား(gravity) နဲ့ တွန်းကန်အား(propulsion) စသည် ရှိသလို ဗုဒ္ဓဒေသနာတော် နည်းအရလဲ အကြောင်းတရား ( cause )နဲ့ အကျိုးတရား( effect ) ၊ အထူးအားဖြင့် ရုပ်တရား နဲ့ နာမ်တရား တို့သာ ရှိကြ၏ ဟု ဟောတော်မူခဲ့၏၊ ထိုရုပ်တရား နှင့် နာမ်တရားတို့သည်လည်း အချင်းချင်း စပ်ဆက်နေပုံ၊ အမှီသဟဲ ပြုနေပုံ စသည်ဖြင့် ရုပ်တရားဖြစ်သော မျက်စိ ၊ နား ၊ နှာခေါင်း၊ လျှာ ၊ကိုယ်ခန္ဓာ တို့သည် ဆိုင်ရာ ဆိုင်ရာ အာရုံဟူသော တွေ့ထိ ရိုက်ခတ်အပ်သော အဆင်းရူပါရုံ၊ အသံ သဒ္ဒါရုံ၊ အနံ့ အရသာ ၊ ဖဿ ဟူသော အကြောင်းတရား တို့နှင့် ပေါင်းဆုံမိမှသာ အသိဥာဏ် ဟူသော နာမ်တရားတို့သည် နှလုံးအိမ်မှ စတင်ပေါ်ပေါက်လာ၏ ဟု ဗုဒ္ဓမြတ်စွာက အဘိဓမ္မာ၊ သဂြိုလ် စသည့်ကျမ်းများ၌ ဟောကြားထားပြန်သည်။
ဆိုလိုသည်မှာ သတ္တ၀ါအားလုံး ပေါင်းလိုက်လျင် ရုပ် ( matter ) နှင့် နာမ်( mind )နှစ်မျိုးက လွဲလျင် ဘာဆိုဘာမျှ မရှိ ၊ နောက်တစ်မျိုးက အကြောင်းကြောင့် အကျိုးတရား ဖြစ်ပေါ်လာ၏ ဟူသော ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ ထိုအသိဥာဏ်သည်လည်း အာရုံဟူသော အကြောင်းမရှိဘဲ အသိဥာဏ်ဟူသော အကျိုးတရား မဖြစ်ပေါ်နိုင် ဟု မှတ်သင့်ပေသည်။
ထို့ကြောင့်လဲ ၀ိပဿနာ အားထုတ်ရန် အခြေခံအားဖြင့် “ နာမရူပ၀၀တ္ထာနေန သက္ကာယဒိဋ္ဌိယာ ပဟာနံ ဟောတိ ”နာမ် ရုပ်ကို ခွဲခြားသိနိုင်သော နာမရူပ ပရိစ္ဆေဒဥာဏ် ဖြင့် သက္ကာယ ဒိဋ္ဌိ ( illusion of self ) ကို ပယ်ခွာနိုင်သည် ဟူ၍၄င်း၊ အကြောင်းအကျိုးကို ခွဲခြား သိနိုင်သော ပစ္စယ ပရိဂ္ဂဟဥာဏ် ဖြင့်ကား “ ပစ္စယပရိဂ္ဂဟေန အဟေတုဝိသမဟေတုဒိဋ္ဌီနံ ပဟာနံ ဟောတိ ” ဟူသော အဋ္ဌကထာစကား အရ ဘယ်ကိစ္စမဆို အကြောင်းတရားမရှိဘဲ သူ့အလိုလို ဖြစ်တယ် ဟု အကြောင်းကို ပယ်သော အဟေတုက မိစ္ဆာဒိဋ္ဌိအယူ နှင့် အရာရာကို ဘုရားရှင်နှင့် ဗြဟ္မာကြီး တို့က ဖန်ဆင်းထားတယ် ဟူသော ၀ိသမဟေတုက မိစ္ဆာဒိဋ္ဌိအယူ တို့ အလိုလို ကင်းစင်သွားနိုင်၏ ဟု နာမ် ရုပ် ကွဲပြားဖို့ အရေးကြီးပုံ၊ အကြောင်း အကျိုး ကို လက်ခံဖို့ လိုအပ်ပုံတို့ကို ရှေးရှေးသော ကျမ်းဆရာများက ညွှန်ပြတော်မူခဲ့ကြ၏၊
ဖန်ဆင်းရှင် ၀ါဒကို လက်ခံနေသူတစ်ယောက်သည် အကြောင်းတရား မရှိပဲ သက်ရှိ သက်မဲ့ မှန်သမျှ သူ့ အလိုလို ဖြစ်နေကြတယ် ဟု ယူဆလျင် အကြောင်းကို ပယ်ပြီးသား ဖြစ်သွားတော့၏။ ထိုသူ ၀ိပဿနာတရား အားထုတ်ပါကလဲ လွယ်ကူမည် မဟုတ်တော့ပေ။
ဤနေရာ၌ ရုပ်တရားနှင့် စိတ်ဟူသော နာမ်တရားတို့၏ လျှင်မြန်လှပုံကို ဗုဒ္ဓမြတ်စွာ ဟောကြားထားသော ဒေသနာများစွာ တို့မှ လက်လှမ်းမှီသမျှ ဖော်ပြပါအုံးမည်၊ သိပ္ပံပညာရှင်တို့သည် ရုပ်ဒြပ် ပုံသဏ္ဍာန်များကို အဆင့်ဆင့် ခွဲထုတ် စမ်းသပ်လိုက်သောအခါ နောက်ဆုံးတွင် အစိုင်အခဲ ဟူ၍ မရှိတော့ပဲ ရောင်ခြည်လှိုင်း အလင်းရောင် လှိုင်းတို့သာ ကျန်ရှိတော့ကြောင်း ထုတ်ဖော်ကြ၏။ ထိုအလင်းတန်းရောင်ခြည်တို့၏ မြန်နှုန်းသည် တစ်စက္ကန့်လျင် ( ၁၈၆၀၀၀ မိုင် ) နှုန်းအားဖြင့် ပြေးသွား ပြောင်းလဲနေကြကြောင်း အတည်ပြုထားကြ၏။
စိတ်သည် လက်ဖျစ်တစ်တွက် ကာလအတွင်း၌ အကြိမ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နေသည်။
( အဿုတ၀ါသုတ်၊ သံယုတ် ဋ္ဌ ၂ / ၉၂ )
ဓားကိုယ်စီ ကိုင်ထားသော နတ်သားနှစ်ယောက်၏ ချွင် ဟူသော ဓားနှစ်ချောင်း ထိခိုက်သံထက်ပင် ရုပ်ဖြစ်စဉ် သည် လျင်မြန်စွာ သွားနေ၏ ။
( မဟာနိဒ္ဒေသ ၃၂ / မူလဋီကာ ၆၂ )
မိလိန္ဒမင်း။ ။ အရှင်ဘုရား နာဂသေန၊ လက်ဖျစ်တစ်တွက် အတွင်း၌ ဖြစ်ပျက်နေသော နာမ်တရားများသည် အကယ်၍ များ ရုပ်တရားတို့ကဲ့သို့ အစုအပုံ အစိုင်အခဲ အဖြစ်ဖြင့် ထားမည်ဆိုလျင် မည်မျှ များပြားမည်နည်း …
နာဂသေန။ ။ ရှစ်ထောင့် ငါးဆယ် ကိုးတင်း တစ်စိတ် နှစ်ပြည်သော စပါးပုံထက် များစွာ ပိုနိုင်၏ ။
( မိလိန္ဒပဥှာ ၁၀၉ )
နာမ်တရားတို့၏ အရှိန်အဟုန်သည် ရုပ်တရားတို့၏ မြန်နှုန်းထက် ( ၁၆ ) ဆ ပိုမြန်ကြောင်း၊ ( လူ ) ( ခွေး ) ( နွား ) ဟူသော စကားတစ်လုံးစီကို ကြားရာ၌ပင် ၀ီထိအားဖြင့် ၄ ၀ီထိ၊ စိတ္ကက္ခဏအားဖြင့် ( ၂၄၀ ) ကြာမြင့်ကြောင်း အဘိဓမ္မာ ၌ ပြဆို ထားခဲ့၏။
မည်သို့ဆိုစေ အသိဥာဏ် ဟူသော နာမ်တရားသည် ဦးနှောက်မှ စတင် ဖြစ်ပေါ်သည်မဟုတ်ပဲ နှုလုံးသား ဟူသော ဟဒယ၀တ္ထုရုပ်မှ စတင် ဖြစ်ပေါ်သည်ဟူသော အယူအဆကို မိမိဥာဏ်ဖြင့် လက်လှမ်းမှီသမျှ စုစည်းတင်ပြရင်း ဤဆောင်းပါးအား နိဂုံးချုပ်ပါရစေ ….
ဤဆောင်းပါး မူရင်းအား စာရေးသူ၏ http://www.dhammayaungchi.com/
မေတ္တာဖြင့် -
အရှင်သုနန္ဒာလင်္ကာရ ( M .A ) P hD ( Thesis ) ( ပန်းကမ္ဘာ )
ကျမ်းကိုးများ။
ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ
ပြည်ပသာသနာပြုဆရာတော် ဘိက္ခုအရိယဓမ္မ ၏ ဗုဒ္ဓ၀ါဒပြဿနာများ
ဖားအောက်တောရဆရာတော်ကြီး၏ တရားတော်များ
အင်း…….ကိုယ်လည်း စလေက ၇ာသီဥတုအကြောင်းကနေ စလိုက်တာ စာတောင် အတော်ရှည်သွားပေါ့…..ဒါတောင် စလေမှာရှိတဲ့ တကဲ့သမိုင်းဝင် ရှင်ပင်လာဘ နှီးဘုရားကြီး အ ကြောင်း..
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရှေးဟောင်းသုတေသနပြတိုက်တွေထဲက တစ်ခုအပါအ၀င် ရှေးဟောင်းရုပ်စုံကျောင်းတော်ကြီးတို့ နောက်ပြီးသာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ နှစ်ပေါင်းနှစ်ရာလောက်ရှိပြီဖြစ်တဲ့ ရှေးဟောင်းဆီဆေးပန်းချီကားတွေ..Mandalay ကမဟာမြတ်မုနိ ဘုရားကြီးနဲ့တထေရာတည်းတပုံစံတည်းထုလုပ်ကိုးကွယ်ထားတဲ့ရခိုင်မုနိ၇ုပ်ပွားတော်မြတ်ကြီး( ရှေးလူကြီးသူမများအပြောအရ ရခိုင်မုနိရုပ်ပွားတော်မြတ်ကြီးကသာ ရခိုင်ပြည်ကပင့်လာတဲ့ မူလပထမ မဟာမုနိရုပ်ပွားတော်အစစ်လို့ပြောကြတယ်,ဟုတ်မဟုတ်ဆိုတာကတော့ သုတေသီများရဲ့အပိုင်းပေါ့ )..အစရှိသောတန်ခိုးကြီးဘုရားများအကြောင်းနဲ့ဆက်စပ်ရာဇ၀င်သမိုင်းကြောင်းတွေမပါသေးဘူး..မြန်မာစာပေလောကမှာမြန်မာရှိတ်စပီးယားလို့ကျော်ကြားထင်ရှားခဲ့တဲ့ မြန်မာ့ရှေးဟောင်းစာဆိုကြီးဦးပုညရဲ့ပြတိုက်နဲ့ဦးပုညရဲ့စာပေများအကြောင်း..သူ့ရဲ့သမိုင်းနောက်ခံအကြောင်းတွေကိုတော့..နောင်အလျဉ်းသင့်တဲ့အခါ..ပြောဖြစ်အောင်..မျှဝေခံစားဖြစ်အောင်..ကြိုးစားပါဦးမယ်..
ထို့အတူ..လေးဆက်မြောက်ပု၈ံမင်းဆက်မှာထီးနန်းစိုးစံခဲ့ကြတဲ့ပု၈ံမင်းများကိုသုတေသီတွေရဲ့အစဉ်လိုက်( နန်းသက်အလိုက်ရေတွက်ပြထားရာမှာ အောက်ပါအတိုင်းတွေ့ရှိရပါတယ် )..
လေးဆက်မြောက်ပု၈ံမင်းဆက်၏ ထီးနန်းစိုးစံနှစ်များကို ပညာရှင်များအနေဖြင့်လေးဆက်မြောက်ပု၈ံကိုစ,
တင်တည်ထောင်သူပျဉ်ပြားမင်းအား အေဒီ-၈၄၆ ခုနှစ်တွင်နန်းတက်ကြောင်းလက်ခံကြသည်။
ပျဉ်ပြားမင်းမှစတင်ကာ အနော်ရထာမင်းနန်းတက်ချိန် အေဒီ-၁၀၄၄ ခုနှစ်အထိ ပု၈ံမင်းများ၏နန်းတက်၊နန်းကျ နှစ်များကို အောက်ဖော်ပြပါအတိုင်းဖော်ပြထားပါသည်။
မင်းအမည် ၊မွေးနှစ် ၊ နန်းတက်နှစ်(အသက်)၊နန်းကျ ၊နန်းစံနှစ်၊နန်းကျ(အသက်)၊ ကျမ်းကိုး
ပျဉ်ပြားမင်း ၊AD ၈၁၆ ၊AD ၈၄၆(၃၀) ၊AD၈ရ၆၊ ၃၀ ၊၆၀ ၊ဇာတော်ပုံ
တန်နက် ၊AD ၈၅၆ ၊AD ၈ရ၆(၁၈) ၊AD ၈၉၄ ၊၁၈ ၊၃၆ ၊ဦးကုလား
စလေမင်းခွေး ၊AD ၈၆၄ ၊AD ၈၉၄(၃၀) ၊AD ၉၂၄ ၊၃၀ ၊၆၀ ၊ဇာတာတော်ပုံ
သိန်းခို ၊AD ၉၀၈ ၊AD ၉၂၄(၁၆) ၊AD ၉၄၆ ၊၂၂ ၊၃၈ ၊ဇာတာတော်ပုံ
စောရဟန်း ၊AD ၉၁၃ ၊AD ၉၄၆(၃၃) ၊AD ၉၉၁ ၊၄၅ ၊၇၈ ၊ဇာတာတော်ပုံ
ကျောင်းဖြူ ၊AD ၉၆၃ ၊AD ၉၉၁(၂၈) ၊AD ၁၀၁၃၊၂၂ ၊၅၀ ၊ဦးကုလား၊တွင်းသင်း
ကျည်းစို ၊AD ၉၉၁ ၊AD ၁၀၁၃(၂၂) ၊AD ၁၀၁၉၊၆ ၊၂၈ ၊တွင်းသင်း၊မှန်နန်း
စုက်ကတေး ၊AD ၉၉၁ ၊AD ၁၀၁၉(၂၈) ၊AD ၁၀၄၄၊၂၅ ၊၅၃ ၊တွင်းသင်း၊မှန်နန်း
အနော်ရထာ ၊AD ၁၀၁၄ ၊AD ၁၀၄၄(၃၀) ၊AD ၁၀၇၇၊၃၃ ၊၆၃ ၊ဇာတာတော်ပုံ
( တင်နိုင်တိုး ၏ပုဂံမင်းဆက်၇ာဇ၀င်သစ်-စာမျက်နှာ ဃ )
စသည်ဖြင့်တွေ့ရှိရာမှာ ..ကိုယ်တို့စလေဆိုတာလည်းခေသူမဟုတ်ဘူးနော့ လို့ဆိုရမလိုဘဲလေ..လေးဆက်မြောက်ပုဂံမင်းဆက်ရဲ့ တတိယမြောက်ပုဂံဘုရင်ဆိုတာစလေမင်းခွေးတဲ့..စလေသားတဲ့လေ..မြန်မာ့စာဆိုအကျော်အမော် စာရေးဆရာကြီး ဦးပုညဆိုတာကလည်း စလေသား ဆိုသမို့လား..
အဲဒါကြောင့် အညာအကြောင်း ..စလေအကြောင်း ရေးရပြောရမယ်ဆိုရင် ..ရေးလို့ပြောလို့..ကုန်မယ်မထင်နိုင်ဘူးလေ..
ဒါပေမယ့်..တစ်ခောတ် တစ်ခါက ထင်ရှားကျော်ကြားခဲ့တဲ့ သူများ..သူရဲကောင်းများ..အာဇာနည်များအကြောင်းကို ..ကိုယ်တို့ခောတ်မှာပြန်ပြောင်း သတိ၇ဖော်ထုတ် ဂုဏ်ယူနေကြယုံ နဲ့တော့ တာဝန်မကျေသေး၊မလုံလောက်သေးဘူးလေ..ထိုသူတို့ရဲ့ကောင်းမြတ်သောဂုဏ်ပုဒ်အစဉ်အလာကို ထိမ်းသိမ်းစောင့်ရှောက်ယင်း..ကိုယ်တို့ခောတ်မှာလည်း..ကိုယ်တို့ ပုခုံးပေါ်မှာရှိနေတဲ့ ..ခေတ်စံနစ်ရဲ့တာဝန်တွေကို..လူသားပီသစွာ..နောင်လာနောက်သားတို့အတွက်..ကောင်းမွေတွေကို လက်ဆင့်ကမ်းပေးခဲ့နိုင်ဘို့..ခောတ်စံနစ်ရဲ့တာဝန်တွေကို..ကျေကြဘို့လိုတယ်လို့..ကိုယ်ကတော့..ဒီလိုဘဲနားလည်ခံယူတယ်လေ..
ဒီနေရာမှာ..ကွယ်လွန်သူ..အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့..ရုပ်ရှင်မင်းသား..စာရေးဆရာ..ဒါရိုက်တာ..အဆိုတော်..ဦးဝင်းဦးရဲ့ ရင်တွင်းမှတ်ချက်တစ်ခုကို..သတိယမိတယ်..
“သမိုင်းဆိုတာ..ရှေ့က ကွယ်လွန်သွားကြပြီးသူတွေရဲ့..မပြီးပြတ်ခဲ့သေးတဲ့..တာဝန်တွေကို..နောက်လူတွေက..လက်ဆင့်ကမ်း..ထမ်းဆောင်ခြင်းပါဘဲ” ….တဲ့,….
ဆက်၇န်….
ချစ်ခြင်းဖြင့်..
ကိုကြီးပေါက်စ ( စလေ )