Wednesday, June 1, 2011

မိုဘိုင်းဖုန်းကြောင့် ကင်ဆာရောဂါဖြစ်နိုင်ဟု WHO ပြောကြား

မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် ဦးနှောက် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ပိုရှိနေသည်ဟု WHO ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။ စာရေးပို့ခြင်းနှင့် လက်ကိုင်မပြောပဲ နားကျပ်ဖြင့် ပြောဆိုခြင်းမှာ ဖြစ်နိုင်ချေကို ပိုမို လျော့နည်း

သက်သာစေနိုင်သည်ဟု လည်းဆို၏။

ဤကဲ့သို့သော ကိရိယာပစ္စည်းများက ထုတ်လွှင့်သည့် ရေဒီယိုလှိုင်း လျှပ်စစ်သံလိုက် စက်ကွင်းများမှာ “ကင်ဆာဖြစ်စေနိုင်” သည်ဟု ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင် ရှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ IARC က ကြေညာခဲ့သည်။

“ကူးစက်ရောဂါ လေ့လာရေး ရလဒ်များအရ လူသားအပေါ် သက်ရောက်မှု ရှိနေခြင်းကြောင့် ဤသို့ သတ်မှတ်ရခြင်းဖြစ်သည်” ဟု ကျွမ်းကျင်သူများကဆိုသည်။ ဦးနှောက်အကျိတ် ကင်ဆာဖြစ်သည့် ဂလီယိုးမား glioma ရောဂါ အရေအတွက် တိုးပွားလာမှုအပေါ် ထောက်ပြကြကြောင်းကို လေ့လာရေးအဖွဲ့ ခေါင်းဆောင် ဂျွန်နက်သန်ဆမတ်က ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လေ့လာမှု ၂ ခု အရ “ဆဲလ်ဖုန်းများကို အများဆုံး အသုံးပြုခဲ့ကြသည့် သူများတွင်” ရောဂါ အဖြစ်အများဆုံး တွေ့ရှိရခြင်းပင်ဖြစ်ကြောင်း သတင်းညီလာခံတွင် သူက ပြောကြားခဲ့သည်။

သုတေသန လေ့လာမှုတွင် ပါဝင်သူအချို့က တစ်ရက်လျှင် မိနစ် ၃၀ ခန့်မျှ ဆဲလ်ဖုန်းကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ကြသူများဖြစ်သည်။

“ဆဲလ်ဖုန်းကို အကြာကြီး တစ်သက်လုံး သုံးနေတဲ့ လူတွေအတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ကျနော်တို့ မသိနိုင်သေးပါဘူး။” စမတ်က ဆိုသည်။

တကမ္ဘာလုံးတွင် ဆဲလ်ဖုန်းအရေအတွက် သန်း ၅ ထောင်မှာ မှတ်ပုံတင်ထားပါသည်။ များမကြာမီနှစ်များအတွက် ဖုန်းအသုံးပြုများနှင့် ဖုန်းစကားပြော ကြာချိန်တို့မှာ မြင့်တက်လာခဲ့သည်။

ဤလေ့လာချက်မှာ ဖြစ်နိုင်ချေကိုသာ ခန့်မှန်းထားခြင်းဖြစ်ပြီး ကြိုးမဲ့ ကိရိယာများနှင့် ကင်ဆာရောဂါ ဆက်နွယ်မှုမှာ သက်သေမပြရသေးကြောင်း IARC က သတိပေး ပြောကြားခဲ့သည်။

မောက္ခ ကျန်းမာရေးသတင်း

No comments:

Post a Comment