Sunday, October 9, 2011

ဟောပြောပွဲ ဖိတ်စာ..

စင်ကာပူမှာကျင်းပပြုလုပ်မယ့် ဧရာဝတီအကြောင်း ဟောပြောပွဲ ဖိတ်စာပါ....
ရောက်ဖြစ်အောင်ကြိုးစားပြီး ပညာရှင်များရဲ့ အဖိုးတန် စကားများကို မှတ်သားနာယူလိုပါတယ်..ကျင်းပမယ့်နေရာကလည်း မနီးလွန်း မဝေးလွန်း...အလုပ်ပိတ်ရက်ဖြစ်တာ ကတစ်ကြောင်း....

ဟောပြောမယ့် ပညာရှင်များကလည်း မြန်မာပြည်ကနေစေတနာအပြည့်အ၀နဲ့ တကန်တက လာပြီးဟောပြောနိုင်ကြသေးတာ ...နောက်ပြီး..ဟောပြောပွဲကရရှိမယ့်..၀င်ကြေးငွေတွေကိုလည်း..တိုင်းပြည်အတွက် တန်ဖိုးရှိမယ့်နေရာတွေမှာ ပြန်လည်အသုံးချဖို့..လှူဒါန်းသွားမယ်ဆိုတော့..ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ကောင်းတဲ့အလုပ်ဆိုတော့
တစ်နိုင်တစ်ပိုင် အားပေးရမှာပေါ့လေ...

Wednesday, October 5, 2011

အိမ်ကလေး ( ၇ )....နေ၀င်းမြင့်


ထူးဆန်းသော တိုက်ဆိုင်မှုလို့သာ ဆိုရတော့မည်။ သည်ဝိုင်း တိုက်ထဲမှာ မိသားစုကြီးနှစ်စုရှိ၍ ထိုမိသားစု နှစ်စု၏ အိမ်ဦးစီး များ၏ အမည်များမှာ တိုက်တိုက်ဆိုင်ဆိုင် ချစ်စနိုးအမည်များ ဖြစ်နေခြင်းကြောင့် ဖြစ်ပါသည်။ တစု၏ အိမ်ထောင်ဦးစီးများက ဦးကြွက်နီ၊ ဒေါ်ခွေးပုဖြစ်၍ နောက်တစုက ဦးကျွဲ၊ ဒေါ်ယုန် ဖြစ် သည်။ ဦးကြွက်နီနှင့် ဦးကျွဲက ညီအစ်ကိုအရင်းဖြစ်သည်။ ဦး ကြွက်နီနှင့် ဦးကျွဲတို့၏ မိဘနှစ်ပါးကို ရပ်ကွက်က မမီလိုက်ကြ သော်လည်း သည်မိဘများက သည်ဝိုင်းကြီးနှင့် အိမ်ကို အမွေ အဖြစ် ထားရစ်ခဲ့တာကိုတော့ သိကြသည်ချည်းဖြစ်၏။ ဦးကျွဲက ဒေါ်ယုန်နှင့် အိမ်ထောင်ကျပြီး သားသမီးရှစ်ဦး မွေးသည်။ မစီ၊ မရီ၊ မနီ၊ မသီ၊ သံဒိုး၊ ကျောက်ခဲ၊ မစိုးနှင့် မမျိုးတို့ ဖြစ်သည်။ ဦးကြွက်နီ ဒေါ်ခွေးပုက သားသမီးငါးယောက်။ သားကြီးက အောင်သိန်း၊ ဒုတိယက အောင်ငြိမ်း၊ ကျန်တာက သမီးတွေ မဆင့်၊ မတိုး၊ မထွေး။ သားနှစ်ယောက်ရပြီး မမွေးတော့ဘူး အောက်မေ့သည့်ကြားက ထပ်ဆင့်မွေးလာသူကို မဆင့်၊ နောက်တယောက် တိုး လာတော့ မတိုး၊ နောက်ဆုံးတယောက် ထင်ပါရဲ့ဆိုပြီး မွေးလာသူက မထွေး။ ဤသို့အားဖြင့် သည်ဝိုင်းတိုက်ထဲ မှာနှစ် မပေါက်ဖြစ်သော ညီအစ်ကိုမောင်နှမတွေ ဆယ့်သုံးဦး ရှိလာ ခဲ့သည်။ ကျတော် ပြန်လည် ရေတွက်ပြပါမည်။ မစီ၊ မရီ၊ မနီ၊ မသီ၊ သံဒိုး၊ ကျောက်ခဲ၊ မစိုး၊ မမျိုး၊ အောင်သိန်း၊ အောက်ငြိမ်း၊ မဆင့်၊ မတိုး၊ မထွေးပေါင်းဆယ့်သုံးယောက်။

စင်စစ် ဝိုင်းတိုက်ဆိုသော်လည်း ဝိုင်းက ကျယ်လှသည်မဟုတ်။ ရှိလှရင် ပေ ၃ဝ ပတ်လည်။ ပြီးတော့ ထောင့်စပ်စပ် ညီ ညီညာညာ မဟုတ်။ ဒန်ဖလားဟောင်းတလုံးအား ကြိတ်ပြီး ပစ်ထားတာမျိုး ဖြစ်သည်။ ပိန်သည့်နေရာက ပိန်၊ချိုင့် သည့်နေရာကချိုင့်။ အဆိုးဆုံးကတော့ ရပ်ကွက်လယ်က ဝိုင်းတိုက်ဆိုသော်ငြား ထွက်လမ်းမရှိ။ ဟိုကဖောက်ထွက်၊ သည်ကတိုးထွက်၊ ဟိုအိမ်နဲ့ ရန်ဖြစ်တော့ သည်ဘက်က ထွက်။ သည်အိမ်နဲ့ မတည့်တော့ ဟိုဘက်ပန်း၊ သည် လိုနှင့် နှစ်တမ်းတွေ ကြာခဲ့သော်လည်း ထွက်စရာမရှိလို့ မထွက်ရလေခြင်းမရှိ။ သည်လိုနေခဲ့ကြရာက ညီအစ်ကိုနှစ် ဦးဖြစ်သော ဦးကြွက်နီနှင့် ဦးကျွဲသည် လည်းကောင်း၊ ဦးကြွက်နီ၏ဇနီး ဒေါ်ခွေးပုသည် လည်းကောင်း သူငါကစလွန် ဆန်မရသည့် မရဏမင်း သူ့လက်တွင်း သို့ သက်ဆင်း ကျရောက်ခဲ့ကြသည်ဖြစ်ရာ ကြွင်းကျန်သော ကလာပ်ရုပ်အ ကျန်ကို သုသာန်မှာ သဟာယတစုနှင့် ဈာပန ပြုပြီးသည့်အခါ တဆယ့်သုံးဦးသော နှစ်မပေါက် အမျိုးကောင်းသား၊ အမျိုးကောင်းသ မီးသည်မောင်နှမတသိုက်ကို အကြီးအမှူးအဖြစ် ကျန်ရစ်ရှာသူ ဒေါ်သူကသာ ပဲ့ပဲ့စီးစီး ကြည့်ရူနေခဲ့သည်။

“မင်းတို့မိဘများ မရှိကြတော့ပေမယ့် သည်ဝိုင်းနဲ့ အိမ်က မင်းတို့လည်း ဆိုင်တယ်၊ သည်တော့ မောင်အောင်သိန်းတို့က ကြီးတော်တို့နဲ့ပဲ သည်ထဲ နေကြပေါ့၊ မင်းတို့မောင်နှမဆန္ဒပဲ၊ မင်းတို့က ပိုင်းပါဆစ်ပါဆိုရင်လည်း ပိုင်းကြ၊ ကြီးတော် ကငွေရာယ်လို့လည်း မအမ်းနိုင်ဘူး၊ သည်တော့ မင်းတို့ဆိုင်တဲ့အမွေ မင်းတို့သဘောပဲ”

တရက်မှာတော့ ဒေါ်ယုန်က လင့်ဘက်က တူတော်သူ အောင်သိန်းကိုခေါ်ပြီး ပိုင်ဆိုင်မှုကိစ္စ ဖြတ်သည်။ ဝတ္တရားအ ရပြောကြရသော်ငြား ဘယ်သူကမှ ထွက်စရာ၊ ပိုင်းစရာမရှိ။ ကိုယ့်အိမ်ကိုယ်ဆောက်၊ ကိုယ့်ဝင်း ကိုယ့်တံခါး ထားနိုင်ကြ သူတွေမဟုတ်။ ဤဝိုင်းတိုက်၌ ဆင်းရဲခြင်းနှင့် မပြည့်စုံခြင်းတို့ တလှည့်စီ စံမြန်းကြသည်ဖြစ်ရာ နောက်ထပ်ထောင် ထားခြားနားလာမည့် “အတိဒုက္ခ” ဆိုတာကို မျှော်လင့်ဝံ့ကြသူတွေမဟုတ်။

နဂိုက သည်ဝိုင်းထဲမှာ ဘိုးဘွားတို့ ထားခဲ့သော နှစ်ထပ်အိမ်ကြီးတလုံးရှိခဲ့၍ သည်အထဲမှာ ကျဉ်းကျဉ်းကျုတ် ကျူတ်ခွေးတိုးဝက်ဝင် နေကြသူတွေ ဖြစ်သည်။ သည်တုန်းကတော့ ကလေးတွေက ငယ်ကြသေးတော့ အိမ်ပေါ်နေသ လိုလို၊ အိမ်အောက်နေသလိုလို၊ သစ်ပင်ရိပ် ကစားကြသလိုလိုနှင့် ပြီးခဲ့ကြသူတွေ။ သို့သော် ပထမမျိုးဆက် ကွယ်လွန်၊ ဒုတိ ယမျိုးဆက်ကလည်း အနိစ္စရောက်၊ တတိယမျိုးဆက်ကလည်း လူလုံးသူလုံးကြီးလာသည့်အခါမှာတော့ ငှက်လှောင်အိမ်ထဲ ဝက်ဝံတကောင်ထိုးသိပ်ထည့်တာမျိုး ဖြစ်လာတော့သည်။ သို့သော် သည်အိမ် ကိုပြင်ဝံ့သူမ ရှိ။ ပြင်နိုင်သူမရှိ။ သစ်တချောင်းကျိုး သစ်တချောင်းထည့်ဖို့တောင် အနိုင်နိုင်ဆိုသူတွေချည်းဆိုတော့ အိမ်ဟူသော အထည်ကိုယ်ဒြပ်သ ဘောမပျက်သရွေ့ ငါတို့ ရဲဝံ့စွာ နေနိုင်ဖို့သာ လိုသည်ဆိုသည့် သန္နိဋ္ဌာန်ဖြင့် အသီးသီး အသက အသက နေခဲ့ကြတာပဲ ကြာလှပေါ့။

ဤသို့အားဖြင့် ဂက်စ်မီးခြစ်များအတွက် ရွာရိုးကိုးပေါက် ဓာတ်ငွေ့ဖြည့်တင်းရေး လုပ်ကိုင်သော “ဂက်ထည့်ဆ ရာ” အောင်သိန်း သည်လည်းကောင်း၊ လေပုပ်ထုတ်ဆေး ရောင်းချသူ အောင်ငြိမ်းသည်လည်းကောင်း၊ ပွဲရုံတွေမှာ ပဲရွေး ဆန်ရွေးလိုက်ကြသူ မဆင့်၊ မတိုး၊ မထွေးတို့သည်လည်းကောင်း၊ ဆေးလိပ်ခုံက ဆေးလိပ်ကို နှုန်းတခုဖြင့် အိမ်ယူ လိပ်ကြသော မစီ၊ မရီ၊ မသီတို့သည်လည်းကောင်း၊ ဆေးလိုက်သုတ်ကြသော သံဒိုးနှင့် ကျောက်ခဲတို့သည် လည်းကောင်း၊ ရွှေချည်ထိုးလိုက်ကြသော မစိုးနှင့် မမျိုးတို့သည်လည်းကောင်း၊ မနက်မိုးလင်းသည်နှင့် အိမ်က ထွက်ကြ သည်ဖြစ်ရာ ဆေးလိပ်လိပ်ကြသူ အိမ်နေအိမ်ထိုင်များမှလွဲ၍ သည်အချိန်မှာ “အလုပ်သဘော” သိပ်မရှိ။

ဒေါ်ယုန်ကတော့ အသက် ရှစ်ဆယ်ကျော်ပြီ။ အရွယ်လွန် သားသမီးတွေကလည်း အိမ်ထောင်ရက်သားကျသူ ကျကြ ပြီ။ လင့်ဘက်ကတူ၊ တူမတွေကလည်း ဒေါ်ယုန့်တာဝန်ပေကိုး။ မင်္ဂလာရယ်လို့ တော့ဆောင်ပေးစရာမ လိုပါ။ ယောက်ျားသားတွေက မိန်းမသားများကို ကြက်ကလေး၊ ငှက်ကလေးများလို ဖမ်းလာကြကာ သမီး၊ တူမတွေက လည်း သက်ဆိုင်ရာယောက်ျားတွေကို န်စွန်းများလို ခူးဆွတ်လာကြခြင်းအားဖြင့် သည်ဝိုင်းတိုက်ထဲမှာ လူတွေ ထပ်တိုး လာခဲ့၏။ လက်ဖက်တရိုး၊ ဆေးတအိုးဖြင့် ယူခဲ့ကြသော်လည်း “သားချွေးမ၊ တူချွေးမ”၊ “သမီးသမက်၊ တူသမက်” တွေ ချည်းမဟုတ်လား။ ဒေါ်ယုန့်အတွက်ကတော့ အိမ်အိုကြီးပေါ် ထိုင်ရင်းက ဟင်းခွက်တိုးနေရလေ၏။ ထိုအစုံအစုံသော မိသားစုတွေက ထပ်မံပေါက်ဖွားလာကြကုန်သော ကလေးတွေကလည်း သည်အိမ်ကြီးနှင့် သည်ဝိုင်းထဲမှာ ပွက်ပွက်ကြီး ရိုက်လေသည်။ ဆိုင်ရာဆိုင်ရာမိဘတွေက မိုးဦးလေးဦး ဖားများဥချသလို မွေးသမျှ ဘယ်သူ ဘယ်သူ့ သားသ မီးရွေးဖို့ခက်လေ၏။

နေ့ခင်းနေ့လယ် သူထွက် ကိုယ်ထွက် ပြဿနာမရှိသော်လည်း ညဘက် လူစုံသည့်အခါမှာတော့ ဒေါ်ယုန်၏ ဝိုင်းနှင့် အိမ်မှာ သိဃုင်္ိဠ်ပြည်ကို မီးတင်ရှို့သော ဟာနုမာန်မျောက် တပ်ဖွဲ့ကြီး စီးမိသွားသလို ရှိလေသည်။

ပထမဆုံးတက်နေသည့် ပြဿနာမှာ အစာဟောင်းတို့ စွန့်ရာနေရာဖြစ်၏။ တိုင်လေးတိုင်စိုက်၊ ကပ်ဟောင်းကလေးမိုး ပြီး ဂုန်ုနီအိတ်ဟောင်း၊ မြွေရေခွံအိတ်ဟောင်းကို တံခါးသဖွယ် အသုံးချသော သည်အဆောက်အအုံက အရပ်ရှစ် မျက်နှာစုံပြီ။ လူပေါင်းများစွာတို့၏ အားကောင်းလှသော ထုတ်လုပ်မှုက နဂိုလျာထားချက် ထက် စောစောစီးစီး ပြည့်မီတာများလေတော့ သည်လေးတိုင်စင်ကို ရွှေ့ရတာပဲ အိမ်ကို မြို့ပတ်ရထားကဲ့သို့ လက်ယာ ရစ်သုံးပတ်ပတ်မိ ပြီ။ ဒေါ်ယုန်၏ အိမ်သာ ကိုယ့်ဘက်ရောက်လာသည့် အိမ်နီးချင်းတိုင်းက ကုသိုလ်ကောင်းမှုတို့ မပြတ် ပြုနေသည့် ကြားက ရောက်လာသောဂြိုဟ်ဆိုးသဖွယ် မိမိအိမ်ဘက်မှသည် တခြားတပါးသော အိမ်ဘက် သို့ရောက်ရှိရေး နည်းအမျိုးမျိုးဖြင့် ကြံစည် ကြလေသည်။

သည်အိမ်သားတွေ ချက်ကြ ပြုတ်ကြတာကလည်း ပျော်စရာပင်ကောင်းသည်။ အသီးသီး အသက အသက အိမ်ဝဝိုင်း ဝရောက်ကြသည် နှင့် ပထမဆုံး မြေပြောင်ပြောင် ကွက်လပ်မှာ ချက်ချင်း ပြုတ်ခြင်း ဖြစ်သည်။ အိမ်နှင့် လွတ်သောမြေ ပြောင်ပြောင် ကွက်လပ်မှာ မီးဖိုကလေးတွေ ပွစာကြဲနေတတ်သည်။ သို့သော် သည်အိမ်၏ ထူးခြားချက် မှာ ဘုံဝါဒ ကျင့် သုံးကြခြင်း ဖြစ်၏။ အောင်သိန်းမိသားစုက ထမင်းအိုး၊ အောင်ငြိမ်းမိသားစုက သံဒယ်ပိုင်း၊ သံဒိုးကျောက်ခဲ ညီအစ်ကို က ယောက်မနှင့် မွှေဇွန်း၊ ယောက်ချို၊ မစီက လင်ပန်း၊ မရီက သောက်ရေအိုး၊ မနီ က သောက်ရေခွက်၊ မစိုး၊ မမျိုးတို့က ကျောက်စည်ပိုင်း၊ မဆင့်က သံပန်းကန်၊ မထွေးက ဆန်ကော ဆန်ခါ၊ မတိုးက ရေချိုးဖလား၊ ဓား၊ ဓားမ စသည်ဖြင့် အိမ်ထောင်ပစ္စည်း၊ မီးဖိုချောင်ပစ္စည်း အသီးသီး ဝယ်ယူကြပြီးဝိုင်းလယ်က တည်ပင်ကြီးအောက်က ထင်းရှူးပုံးကြီးထဲ ထည့်ထားကြရသည်။ ပထမဆုံးရောက်လာသည့် မိသားစုက ကိုယ့်မီးဖိုနေရာမှာ (မီးဖိုခွင်ကတော့ ဘုံမဟုတ်ပါ) စတင် ချက်ပြုတ်သည်။ အောင်သိန်း၏ ထမင်းအိုးဆိုသော် လည်း အောင်သိန်းပြီးမှ ချက်ရတာမျိုး မဟုတ်။ ဦးသူ ချက်စတမ်း။ ဒုတိယရောက်လာသူက ထမင်းအိုး မအားမှန်းသိ လျှင် အောင်ငြိမ်း၏ ဒယ်နှင့် ဟင်းချက်နှင့် ခွင့်ရှိသည်။

ထမင်းချက်ပြုတ်ဖို့ စတင်ရောက်လာသူက လက်ဆွဲခြင်းမှာ ထမင်းဟင်း ချက်ပြုတ်ပြီး လှယ်ယူဖို့ ချိုင့်လို၊ ပလတ်စတစ် ခွက်လိုဟာ ပါမည်။ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ကြာညို့ပုလင်း၊ ဆားထုပ် စသည့် အထုပ်ကလေးတွေပါမည်။ ဒါကလည်း ကုန်စုံဆိုင်ကထည့်ပေး လိုက်သော အထုပ်အတိုင်းခြင်းတောင်းထဲ ထည့်ထားလိုက်ရုံ။ အထုပ်တွေကြား မှာတော့ကြက်သွန်နီလေးငါးလုံး၊ကြက်သွန်ဖြူ လေးငါးတက်၊ ချင်း လက်တဆစ်ပါမည်။ ပါလာသည့် ဆန်ထုပ် ကို အောင်းသိန်း ဒယ်အိုးထဲထည့်၊ မမျိုး ကျောက်စည်ပိုင်းက ရေနှင့်ခပ်ဆေး၊ ထမင်းအိုးတည်။ ကျက်တော့ မထွေး ဆန်ကောဆန်ကာထဲခဏထည့်။ ပြီးတော့ အောင်ငြိမ်း ဒယ်အိုးအားပြီဆိုတော့ လစ်ပိုပုလင်းထဲက ဆီကိုဖောက်သွန်၊ ဆီပွက်တော့ ဆီကလေးသတ်၊ မစိုး၏ယောက်မနှင့် မွှေ၊ ဇွန်းနှင့် မွှေ။ သည်အချိန်မှာ မိသားတစုက မစိုး၏လင်ပန်းထဲ မှာ ခြွေစရာရှိတာ ခြွေ၊ သင်စရာ သင် နှင့် ဖျင်နှင့်။ သို့သော် သည်ချက်ခြင်းပြုတ်ခြင်း အနုပညာက သူတို့အလုပ် ကပြန်လာကြသည့်လေးနာရီဝန်းကျင်မှ ညနေ ခြောက်နာရီခွဲကြားမှာ တက်သုတ်ရိုက်ကြခြင်း ဖြစ်၏။ ခုနစ်နာရီထိုးလျှင် ရပ်ကွက်ဗီဒီယိုရုံကို သွားကြရမှာ မဟုတ်လား။ ထမင်းချက်ခြင်း၊ ကိုယ့်ချိုင့်ထဲ ကိုယ်ကဲ့ခြင်း၊ မြစ်ဆိပ် ရေပြေးချိုးကြခြင်း၊ ကသုတ်ကရကစားရခြင်းတွေကသည် အချိန်အတွင်းမီဖို့လိုသည်။ စောစောစီးစီး ချက်ပြုတ်ပြီးသူက ကလေးတွေကို ဝိုင်းစေကာ ကြီးစွာသော အဟုန်ဖြင့် စားကြသောက်ကြလေသည်။ လဟာမြစ်မ၊ ပင်လယ်ဝ၌၊ သြဃယာဉ် ကြီး၊ လေးဖြာစီးသည့် ခရီးရေကြောင်း၊ ဝဲခနောင်းဝယ် တပြောင်းပြန်ပြန် ရှိကြလေ၏။ ဤသို့အားဖြင့် ညနေစောင်းနေဝင် ရီတရော၌ ဒေါ်ယုန်၏ ဝိုင်းထဲမှာ “နှုတ်လျှာမလျော့၊ သံသော့သော့နှင့် ဆော့သည့်နှုတ်သီး၊ မြိုင်တောကျီးလည်း၊ သံကြီး အာအာ” ဆိုသကဲ့သို့ သိမ့်သိမ့်တောလုံး၊ သံပေါင်းရုံး၍၊ ပတ်ကုံးမြိုင်နက်၊ အုတ်ကျက်ကျက် ရှိလေသည်။

မိုးကလေးချုပ်ပြီဆိုသည်နှင့် သည်အိမ်ဆီမှ ချီတက်လာကြသောဒေါ်ယုန်အုပ်စုကြီးက အနီးရှိ ဗီဒီယိုရုံ မှာပြသနေသည့် မြန်မာရုပ်ရှင်ကား တကားကို ကြည့်ကြလိမ့်မည်။ ယောက်ျားသားတွေက အိတ်ထောင် ထဲဆေးလိပ်နှစ်လိပ်စီ ပါကြ၍ မိန်းမတွေက ဆေးလိပ်တွေ ခေါင်းမှာစိုက်လာကာ အိမ်ကြီးမှာ ဒေါ်ယုန်တယောက်တည်း ကျန်နေတတ်သည်။စားလက်စတန်းလန်း ပစ်ထားခဲ့ကြသော ပန်းကန်ခွက်ယောက်များ၊ စုပုံထားခဲ့ကြသော အဝတ်ဟောင်းများ၊ ကလေးကစားစရာ ဗြုတ်စဗျင်းတောင်းများကြားမှာ တယောက်တည်း ရှိနေတတ်သည်။ ထိုခဏ ၌လောကသည် ငြိမ်သက်လျက် ရှိလေသည်။ စောစောပိုင်း အုတ်အာသရဲအခြေအနေမှ ချက်ချင်းကြီး တိတ်ဆိတ်သွား တတ်သည်။

တရက်တော့ ဒေါ်ယုန်က သည်အိမ်မှာ အိမ်ငှားလက်ခံကြောင်းတဆင့်ဆကားဖြင့် ကြေညာချက် ထုတ်လိုက် သည်။ ဒေါ်ယုနန်က အိမ်ငှားမည်ဆိုသောအခါ အားလုံးက အံ့သြကြသည်။ သားသမီးတွေ တူ၊ တူမတွေကလည်း နားမလည် နိုင်အောင် ဖြစ်ကြရသည်။

“အမေ ဘယ့်နှယ်လုပ်တာတုံး၊ အမေ့အိမ်ကမှ ခရိုးခရိုင်ဗျာ၊ အိမ် ရှိတဲ့လူတွေတောင် ကုတ်ကတ်နေကြရတာ၊ လူငှား ထားတယ်ဆိုရင်ကျုပ် တို့က ဘယ်သွားနေမတုံး”

“ဟဲ့… သည်အိမ်က ငါ့အိမ်၊ ငါ မသေသေးဘူး၊ ငါ့ဝင်ငွေကလေးငါ ရှာရမှာပေါ့၊ ငါ မုဆိုးမဘယ်ကောင်ကတပြားထောက် လို့တုံး၊ နင်တို့ ကျွေးတဲ့ထမင်းနဲ့ချည်း လူဆိုတာ နေလို့ရတာ မဟုတ်ဘူးဟဲ့၊ လှူရေးတန်းရေးဆိုတာ ရှိသေး တယ်”

ဒေါ်ယုန် အိမ်ငှားထားတော့မတဲ့ သတင်းကြောင့် လူတော်တော်များများ ရောက်လာခဲ့ကြသည်။

အိမ်ငှားဆိုလို့ ဒေါ်ယုန့် အပေါ်ထပ်လား၊ အောက်ထပ်လား၊ အဖီချပေးမှာလား၊ စပေါ်နဲ့လား။ ရေနဲ့မီးကကော။ အနည်းဆုံး အိမ်လခ ဘယ်နှစ်လစာ ကြိုယူမှာတဲ့လဲ။ တကယ်တော့ အပေါ်ထပ်လည်းမ ဟုတ်၊ အောက်ထပ်လည်းမဟုတ်၊ အ ဖီလည်းချမပေးနိုင်။ ရေနဲ့မီး မရှိ။ ကိုယ့်အလင်းရောင်နှင့် ကိုယ်ရေ။ အိမ်လခက ကပ်ကြမ်းတချပ် တလငါးရာ။ကပ်ကြမ်းဆိုတာက အနံ သုံးပေ၊ အလျား ခြောက်ပေ။ ဝါးခြမ်းမာမာကို ရက်ထားသည့် အခင်းပြားကိုခေါ်ခြင်းဖြစ်သည်။ကိုယ့်ကပ်ကြမ်း ကိုယ်သယ်လာရမည်။ သည်ဝိုင်းထဲမှာ ကြိုက်သည့်နေ ရာနေပိုင်ခွင့်ရှိ သည်။ သဘောကတော့ ကျော တခင်းစာ တလငါးရာယူခြင်း ဖြစ်သည်။

“ကြီးတော်ကတော့ ကပ်ကြမ်းတချပ် ငါးရာပဲ၊ မင်းတို့ဘာသာကပ်ကြမ်းကို မြှင့်ချင်မြှင့်၊ နှိမ့်ချင်နှိမ့်၊ ဇောက်ထိုးထားထား၊ လာအိပ်ချင်နေ မအိပ်ချင်နေ၊ လူဘယ်နှစ်ယောက်လာလာ၊ ကပ်ကြမ်းတချပ် ငါးရာပဲ။ မင်းတို့ သေတ္တာတွေတော့ အိမ် ထဲထားခွင့် ပြုတယ်။ ငါးရာက ကပ်ကြမ်းယူလာတဲ့နေ့ ကြိုပေးရမယ်။ အိမ်ပေါ် ပြုံတက်ချင်လို့လည်း မဖြစ်ဘူး။ ငါ့အိမ် က ပုစဉ်းနားတောင် ခံတာမဟုတ်ဘူး၊ မြေကြီးပေါ် ကပ်ကြမ်းချ အိပ်နိုင်ရင် လာခဲ့ပဲ”

ကမ္ဘာလောက၌ အလားတူ မရှိနိုင်သော ကပ်ကြမ်းတချပ် ငါးရာ အိမ်ငှားစနစ်ကြောင့် စိတ်ပါဝင်စားကြသူ ဆယ်ဦး လောက် ရောက်လာကြသည်။ ကပ်ကြမ်းတချပ် စီခေါင်းပေါ်ရွက်ပြီး ရောက်လာကြသည့်နေ့က ဒေါ်ယုန် ငွေငါးထောင် ပက်ခနဲ ရလိုက်သည်။ ထိုအခါ မထင်မှတ်သော ပြဿနာက စလေ၏။ တသက်လုံးက သူ့အမွေ ကိုယ့်အမွေမှတ်သော ပြဿနာက စလေ၏။ တသက်လုံးက သူ့အမွေ ကိုယ့်အမွေ မခွဲခဲ့ကြသော အောင်သိန်းတို့ အောင်ငြိမ်းတို့မောင်နှမတွေက သည်ဝင်ငွေပေါ်မှ တဝက်လိုချင်သည်။ ကပ်ကြမ်းတချပ် ငါးရာသမားတွေက သည်ဝိုင်းထဲမှာ ညဘက်အိပ်ချင်သည့်နေရာ ကပ်ကြမ်းခင်း အိပ်ကြရတာဆိုတော့ ဒေါ်ယုန့် မြေပေါ် အိပ်ပါသည်ဆိုလို့ မရတော့။ အောင်သိန်းတို့ ရပိုင် ခွင့်တောင်းလာ ကြခြင်း ဖြစ်သည်။

“ကြီးတော် ကပ်ကြမ်းတချပ် ငါးရာစနစ်ကို ကျတော်တို့သဘောတူပါတယ်၊ သည်လို ဝင်ငွေကလေးရတော့ တဖက်က အသက်ရှူချောင်တာပေါ့၊ သို့သော်လည်း…”

“ဘာ သို့သော်လည်းကွဲ့၊ မင်းက ဘယ့်နှယ်ဖြစ်ချင်လို့တုံး”

“ကျတော်တို့ကတော့ ဟပ်ဘိုင်ဟပ် လုပ်ချင်တယ်”

“ဘာလဲ ဟပ်ဘိုင်ဟပ်ဆိုတာ”

“တယောက်တဝက်စီပေါ့”

“ဟကောင်တွေရဲ့၊ ငါက အိမ်ငှားဆိုပြီး အိမ်ကလေး အခန်းကန့်ပြီး တယောက်စ၊ နှစ်ယောက်စ တလ တထောင် ရယ်၊ နှစ်ထောင်ရယ် ငှားတာမျိုး မဟုတ်ဘူးဟဲ့၊ ငါ့အိမ်ကလည်း ကျူပင်ရိုး တတိုင်နှစ်တိုင် လေတိုးလို့ယိုင် ဘယ်သူက လာငှားမှာတုံး။ ကပ်ကြမ်းတချပ်ငါးရာက ကျောခင်းရ ပြီးရောဆိုတဲ့ ဘောက်သောက်တွေကို ငှားတာမှာ မင်းက မင်းဘဒါ (ဘဏ္ဍာ) ကိုယ့်ဟာ မှတ်နေသလား”

“ဘယ်ဟုတ်ပါ့မလဲ ကြီးတော်ရဲ့၊ သည်မြေပေါ်က ဝင်သမျှ ကြီးတော်တို့ တဝက်ဆိုင်သလို၊ ကျတော်တို့ တဝက်ဆိုင် တာပဲ။ တကျပ်ရ ငါးမူးပေါ့ဗျ”

“ဒါဆို ကပ်ကြမ်းဝင်ငွေပေါ် ခွဲမနေနဲ့တော့ဟေ့၊ အိမ်ပါ ခွဲကြတော့”

“အိမ်ခွဲတော့လည်း ရသဗျာ၊ အိမ်လည်း ကျုပ်တို့နဲ့ တဝက်ဆိုင်တာာပဲ”

သည်လိုဆိုတော့ ဒေါ်ယုန် ငြိမ်သွားသည်။ အိမ်ကလည်း တကယ်တော့ သူတို့ တဝက်ပိုင်သည်။ မိုးကလေးချုပ်ချုပ် အိမ်ကလေး ငုတ်တုတ်ကို ထပ်ခွဲရလျှင် ထင်းဖြစ်တော့မည်။ ပိုက်ဆံအမ်းပါလားဆိုတော့လည်း အမ်းနိုင်တာ မဟုတ်။

“အေးပေါ့လေ မင်းပြောတဲ့ ဟပ်ဘိုင်ဟပ်ပေါ့”

ရလာသည့်ဝင်ငွေ ငါးထောင်ထဲက အောင်သိန်းတို့ မောင်နှမက နှစ်ထောင့်ငါးရာ လစဉ်ရသည်။ သည်နှစ်ထောင့်ငါးရာ ကို တဖက် မောင်နှမ ရှစ်ယောက်ခွဲတော့ တယောက်ကို ၃၁၂ ကျပ်ခွဲ ရသည်။ ခွဲရေး တွဲရေးကိစ္စ အဆင်ပြေသွားပြီ ဆိုတော့မှ ကပ်ကြမ်းသမားတို့လည်း ဟင်းချနိုင်သည်။ တူအရီးနှစ်ယောက် စကားများရာက ကပ်ကြမ်းစနစ် ပျက်သွား လျှင် သူတို့ဝယ်ထားသည့် ကပ်ကြမ်းဖိုးဆုံးတာ အဖတ်တင်မှာ မဟုတ်လား။

သည်နောက်တော့ ဒေါ်ယုန့်အိမ်ကြီးအောက်ထပ်မှာ ကပ်ကြမ်းဆယ်ချပ်နှင့် သံသေတ္တဆယ်လုံး ရောက်လာသည်။ လင်ကွဲ၊ မယားကွဲ၊ သဲထမ်း၊ မော်တော်လိုက်၊ သစ်ခုတ် ပျားထိုးတွေချည်း။ ပါလာသည့်သေတ္တာကလေးတွေ နေလုံမိုး လုံရှိဖို့ အိမ်အောက်ထပ် သွင်းထားကြရသော်လည်း ကပ်ကြမ်းကတော့ သည်ဝိုင်းထဲမှာ ကြိုက်သည့်နေရာ ယူသွင်းပြီး အိမ်ခွင့်ရှိသည်။ ကပ်ကြမ်းတချပ်ကို နှစ်ယောက်စပ် ငှားသူတွေပင် ထပ်ရောက်လာကြသေးသည်။ တချို့ လင်မယား ကျတော့လည်း ကလေးတယောက် ပါလာသည်ဖြစ်ရာ လူသုံးယောက် ကပ်ကြမ်းတချပ် ဖြစ်ရတော့သည်။ ဒေါ်ယုန့် ဘက်ကတော့ လက်ခံသည်ချည်း။ သို့သော် ကပ်ကြမ်းတချပ် လူတယောက်သမားတွေက အယုံအကြည်မရှိ အဆိုတင် လာကြတော့သည်။

“မင်းတို့လို မတတ်နိုင်သူတွေပါကွယ်၊ ကုသိုလ်ရပါတယ်၊ သူတို့ ခမျာနေရင် တလ၊ နှစ်လပါ”
ဒေါ်ယုန့်ခမျာ အသက်ရှစ်ဆယ်ကျော်ခါမှ ကပ်ကြမ်းစီးပွားရေးကို ပုတီးလုပ်စိပ်နေရပြီ။ ညနေခင်း ညီအစ်ကို မသိတသိ အချိန်တိုင်လျှင် ဒေါ်ယုန် အမှူးပြုသော လူအုပ်ကြီးထဲက ပြဿနာပေါင်း သောင်းခြောက်ထောင်က အိုးထိန်းစက်ကဲ့သို့ မွှတ်သော မဟာပထဝီ မြေကြီးကဲ့သို့ လည်းကောင်း၊ သက္ကရာဇာ သိကြားမင်း၏ စိန်စက်သွားကဲ့သို့ လည်းကောင်း၊ ကျရာအရပ်၌ လောင်မီးကြီး ကျတတ်သော ဗြဟ္မာဦးခေါင်းကဲ့သို့ လည်းကောင်း၊ ဆဲသံဆိုသံတို့ဖြင့် ဝက်ခေါင်းထိုး စစ်ဆင် ရေး စလေသည်။ ထဘီပျောက်၊ ဘောင်းဘီပျောက်၊ အဝတ်လှန်းချိတ်ပျောက်၊ ပိုက်ဆံပျောက်၊ တိုလီမုတ် စ ပျောက်များမှသည် ထူးဆန်းသော ပျောက်ဆုံးမှုများလည်း ရှိလေရာ စုံထောက်မောင်စံရှား၏ ဗာစကာဗျီးခွေးကြီး အမှုထက်ပင် ရှုပ်ထွေးခက်ခဲလေ၏။

“မစားနိုင်တဲ့ဟာတွေ၊ ငါ့ထမင်းကြမ်းခဲ ပျောက်သဟဲ့နော်၊ ယူတဲ့လူ ငါ သိတယ်ဟေ့၊ မပြောချင်လို့၊ အသာတကြည် ပြန် ထားရင်ထား၊ မထားလို့ကတော့….”

မထားလို့ကတော့ဆိုသည့် နောက်ဆက်တွဲ ပြစ်မှုနှင့် ပြစ်ဒဏ်ကတော့ ကြောက်ကြောက်စရာ။ အော်သိန်း၊ အောင်ငြိမ်း တို့ မောင်နှမများနှင့် ဇနီး ခင်ပွန်းများ၊ ဒေါ်ယုန်မျိုးဆက် ဇနီးခင်ပွန်းများ၊ ကပ်ကြမ်းသမားများနှင့် ကလေးအရွယ်စုံ ဆိုက်စုံတို့ကြားမှာ ပျောက်သွားသည့် ပစ္စည်းတခု ပြန်ရဖို့ဆိုတာ သေချာလှသည် မဟုတ်။ အဆိုးဆုံးကတော့ အိမ်သာ ဖြစ်သည်။ သင်္ခါရသဘောသည် နေရာတကာမှာ ရှိနိုင်သော်လည်း ဒေါ်ယုန့်အိမ်သာက ဂုန်နီဖျင်စကတော့ သဘာဝတ ရားကို ကြံ့ကြံ့ခံဆဲ။ လေဟာနယ်၌ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီစောင်း၍တည်သော ဂြိုဟ်ကမ္ဘာကို ဆန့်ကျင်ဘက် ကျားကန်ကာ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း စောင်းနေသည့် ဒေါ်ယုန့်အိမ်ကတော့ကော။

ဤသို့အားဖြင့် တိုး၍ တိုး၍ လာကြကုန်သော ကပ်ကြမ်းတို့သည် လည်းကောင်း၊ တိုး၍ တိုး၍ လာကြကုန်သော လူတို့ သည်လည်းကောင်း၊ တိုး၍ တိုး၍ လာကြကုန်သော ပဋိ ပက္ခတို့သည် လည်းကောင်း၊ တိုး၍ တိုး၍ လာကြကုန်သော မီးဖို များ၊ အဝတ်လှန်းကြိုးများ၊ အမှိုက်များသည်လည်းကောင်း၊ ဤဝိုင်းအတွင်း၌ ကမ္ဘာတည်သရွေ့ မြဲတည်သော ကပ္ပဋ္ဌိတိ တရားကဲ့သို့ ရှိလေသည်။

“အောင်သိန်း ကပ်ကြမ်းသမားရှာပါဦးဟဲ့ ငါ့တူရဲ့၊ တို့အိမ် လူချောင်ပါသေးတယ်၊ ကြီးတော်နဲ့ ငါ့တူ ဟပ်ဘိုင်ဟပ်ပေါ့”

သည်စကားကို ကြားတော့ ဒေါ်ယုန့်အိမ်အိုက ပြင်းထန်သော သိမ့်ခါခြင်းကို သုံးကြိမ်ပြုလေသည်။

နေဝင်းမြင့်

အိမ်ကလေး ၁၆ လုံး မှ…

Monday, October 3, 2011

All AGTI society Gathering


Let meet your friends and dine at barbecue party

www.agtisociety.ning.com.

Pls, forward this invitation to any of your AGTI friends


All AGTI ,

You are invited to participate EX GTI students gathering.This Second time in Singapore for all AGTI.

Some of our retired teachers will be present and 8 represents from AGTI society(Yangon )will attend as well.

Time .4 to 8 PM October 9, 2011

Venue- Aloha Loyang terrace 11(T11) https://www.aloharesorts.com.sg/resort/loyang.

See attached Map

Your confirmation will be appreciate at hteik@harris-pye.com.sg

Main sponsors

Ko Maung Thein

Ko Htay

HT shein

U Soe Han-97384457

Ko Htay (Isein)-84159477

ko Thein(Isein)-98004706

Ko Min Zaw(Mdy)-96922327

Ko Tin Moe(Isein)-92785289

Ko Hteik Tin Shein (MDY)-97898640

Ko Htay Win(Chouke)- 96366560

KoTun Tun Aung(Taungoo)-90181442

Ko Htin Paw Aye(Malumine)-81586102

Ko kyaw Lwin ( Pyay)-

-Kyaw Soe Min/Ko Myo Min/Ko Htay win/ Htin Paw Aye /

Pls up load this invitation at your/AGTI Society web sites.

-Ko Htay –pls forward this to our old members

-U soe Han- pls forward this to our seniors {such as U Kyaw Win….U Than Lwin(Tha Phay NU)}


Saturday, September 10, 2011

အကောင်းမြင်ဝါဒ၊ မကောင်းမြင်ဝါဒနှင့် တန်ခိုးတော် ( ၁၀ ) မျိုး




တန်ခိုးနှင့် ပက်သက်လို့ ကျမ်းဂန်များမှာတော့ နိပ္ဖတ္တိဝသေန ဣဇ္ဈတီတိ ဣဒ္ဓိ- မိမိအလိုရှိတာ မှန်သမျှ ပြီးစီး ပြည့်စုံစေတ တ်လို့ တန်ခိုး ခေါ်ပါသတဲ့၊ လူတစ်ချို့ကတော့ မြေလျိုး မိုးပျံနိုင်တာလောက်ကိုပဲ တန်ခိုးလို့ သိထားကြတယ်၊ အဲဒီထက်မ ကပဲ ဖြစ်နိုင်လျင် တန်ခိုးနှင့်ပက်သက်တာ မှန်သမျှ ဖြစ်နိုင်တာတွေကို သိထားလေ ကောင်းလေပါ၊ အခုခေတ်နောက် ပိုင်းမှာ magic လို ဟာ မျိုးတွေကိုလဲ တန်ခိုးလို့ ထင်နေတတ်ကြတယ်၊ စက်လှည့်၊ လက်လှည့်၊ ဥုံ ဖွ ၊ အပ် ချလောင်း ဘာဖြစ်စေ ညာဖြစ်စေ စတာေ တွ ကိုလည်း ရောထွေးကာ ထင်မှတ်တတ်ကြပြန်တယ်။ အခုလဲ တန်းခိုးအကြောင်းတွေကို ညီငယ်တစ်ယောက်က သိလိုပါတယ် ဆိုလို့ ဖော်ပြလိုက်ပါတယ်။
တန်ခိုး ဆိုတာကတော့ အမျိုးမျိုး ရှိတတ်တယ်၊ potential ,natural, power, supreme power, super natural power စသည်ဖြင့် ပုဂ္ဂိုလ်အလိုက် အမျိုးအစား ကွဲပြားသွားမယ်လို့ ထင်ပါတယ်၊ သို့သော်လည်း ကိုယ်လက်လှမ်း မမှီတဲ့အရာမျိုး၊ မနိုင်နင်းတဲ့အရာမျိုးမို့ အတွင်းကျကျ သိနိုင်ဖို့တော့ ခဲယဉ်းမှာပါ၊ ဥပမာအနေနဲ့ ပြောရရင် မူလတန်းကျောင်းသား တစ်ယောက်ကို (၁၀)တန်းသင်္ချာပုစ္ဆာကို တွက်ခိုင်းသလိုမျိုး ဖြစ်နေပါတယ်၊

ဘာဖြစ်လို့လဲဆိုတော့ တန်ခိုးအဘိဥာဉ် ဆိုတာတွေဟာ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရိယာသာဝကကြီးတွေရဲ့ အရာမို့ သိပ်နက်နဲသလို နားလည်နိင်ဖို့ ခက်တယ် လို့ဆိုရပါမယ်၊ ဒါကြောင့်လဲ ယခုခေတ် အနောက်တိုင်းက လူတွေက ဈာန် အဘိဥာဉ်တွေအကြောင်းပြောပြရင် သိပ်အယုံ အကြည်မရှိတတ်ကြဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုယ်တိုင် မသိနားမ လည် သလို သူများတွေ ပြည့်စုံနေတာကိုလဲ မတွေ့ဖူး မမြင်ဖူးတာကြောင့် လက်တွေ့ practice ကိုမှ လက်ခံချင်ကြတဲ့ သူတို့စိတ် ဓာတ်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်လို့နေပါတယ်၊

လောကဓံနဲ့ ပက်သက်ပြီးတော့ ဗုဒ္ဓမြတ်စွာက နှလုံးသွင်းနည်းလေး ပေးထားခဲ့တယ်၊ ယောနိသောမနသိကာရ - ကိုယ့်စိတ် ကို အဆင်ပြေအောင် နှလုံးသွင်းတတ်ပါစေ တဲ့၊ ဒီထက်ပြောရရင် အကုသိုလ်အဖြစ်မခံပဲ ကုသိုလ်ဖြစ်အောင်တွေး တတ်ပါစေ၊ ဆိုလိုတာက optimismအကောင်းမြင်ဝါဒ ဖြစ်အောင်လေ့ကျင့်ယူကြ လို့ ပြောတာပါ၊ အာရုံကောင်းတာပဲ တွေ့ တွေ့၊ အာရုံဆိုးတာပဲ ကြုံကြုံ optimism က သိပ်အရေးကြီးပါတယ်၊

တကယ်တော့ ကိုယ်မတွေ့ဖူး မမြင်ဖူးတိုင်း မယုံရ ဆိုလျင်ဖြင့် လူသားတိုင်း အသက်ရှုနေတဲ့ လေကို မြင်ရတာမှ မဟုတ်ပဲ၊ ဒါပေမယ့် ရှိတယ် လို့တော့ လက်ခံနေကြရတယ်၊ ယုံထားကြရတယ်၊ တိုးတက်နေတဲ့ ဒီဘက်ခေတ်ကြီးမှာ open eyes and open mind ပေါ့လေ၊ အတတ်နိုင်ဆုံး ဥာဏ်မျက်စိကို ဖွင့်၊ နားကို စွင့်ပြီး ဖွင့်ထားသော နှလုံးသားဖြင့် ယုံသင့်တာကို ယုံပြီး မယုံသင့်တာကို မယုံကြည်ပဲ နေဖို့ လူတိုင်းမှာ လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်၊ ယူဆပိုင်ခွင့် ရှိနေကြပါပြီ၊

သို့သော် မြင်သမျှ ကြားသမျှတွေကို ဦးနှောက်ထဲ ထည့်နေလို့ကတော့ ကိုယ့်ဦးနှောက်က အမှိုက်ပုံးလို ခဏပြည့်သွားမှာ ပါပဲ၊ ကောင်းတာတွေရော၊ မကောင်းတာတွေရော၊ ကုသိုလ် အကုသိုလ်တွေ ရောထွေးပြီး ဘာမှ သေသေချာချာ မဆုံးဖြတ် နိုင် ဖြစ် သွားနိုင်ပါတယ်၊ ဒီတော့ အမှန်တရားကို ရအောင် ရှာမယ်၊ ငါ့စိတ်ကို ကုသိုလ်ဖြစ်အောင် တွေးမယ်၊ နေမယ် ဆိုရင်ဖြင့် ဘ၀မှာနေရတာ နေပျော်တယ်လို့ သတ်မှတ်ရမှာပါ။ အရာရာတိုင်းကို pessimism အနေနဲ့ အဆိုးမြင်နေမယ် ဆိုရင်တော့ ကိုယ့်ဘ၀လမ်းကြောင်းလဲ တိမ်းစောင်းသွားမှာ မလွဲဧကန်ပါပဲ။

နောက်တချက်အနေနဲ့ ဘ၀လမ်းကြောင်း လမ်းမှန်ပေါ်လျောက်နိုင်ဖို့ အထူးသဖြင့် အခုလို magic ဆန်ဆန် တန်ခိုး အကြောင်း အဘိဥာဉ်အကြောင်းတွေကို လက်ခံနိုင်ဖို့ ကိုယ့်မှာ ဘာသာရေး အခြေခံ ဗဟုဿုတအသိ ပညာတွေ အထိုက် အလျောက် ရှိထားဖို့ လိုအပ်ပါမယ်၊ အဲလို အခြေခံလောက်မှ မရှိရင် ဒါတွေက လက်ခံနိုင်စရာ မရှိဘူး၊ ယုတ္တိမရှိဘူး ဆိုပြီး nihilism နတ္တိက၀ါဒ ၊ သုည၀ါဒ၊ non religion ဘုရားမဲ့တရားမဲ့ဝါဒ ဖြစ်သွားတတ်ပါတယ်။

စာပေကျမ်းဂန်များလာ တန်ခိုးတော် ( ၁၀ ) မျိုး

၁။ အဓိဋ္ဌာနာ ဣဒ္ဓိ - မိမိတစ်ယောက်ထဲ ဖြစ်ပါလျက် ပုံစံတူ ၁၀ ယောက်ဖြစ်အောင်၊ အယောက်တစ်ရာဖြစ် အောင်၊ အယောက်ပေါင်း တစ်ထောင် တစ်သောင်း ဖြစ်အောင် စသည်ဖြင့် မိမိအလိုရှိသလောက် ဖန်ဆင်းနိုင် သော တန်ခိုး ဖြစ်သည်။
( အရှင်စူဠပန္ထက ရဟန္တာမထေရ်ကဲ့သို့ ဆွမ်းစားလာပင့်သော ဒကာမျက်စိလည်အောင် ပုံစံတူ အယောက်ပေါင်း တစ်ထောင်ကို ဖန်ဆင်းထားခြင်းမျိုးဖြစ်သည် )

၂။ ၀ိကုဗ္ဗနာ ဣဒ္ဓိ - ပင်ကိုယ်ရုပ်အသွင်ကို စွန့်လွှတ်ကာ နဂါးအသွင်၊ ဂဠုန်အသွင်၊ လူအသွင်စသည်ဖြင့် မိမိ လိုချင်သလို ပုံစံကို ဖန်ဆင်းနိုင်သော တန်ခိုးဖြစ်သည်။
( နန္ဒောပနန္ဒနဂါးမင်းကြီးကို နှိမ်နှင်းသော အရှင်မောဂ္ဂလာန်၏ ဖန်ဆင်းခြင်းမျိုး၊ ဘုရင် အဇာတသတ်ကို စည်းရုံးသိမ်း သွင်းသော အရှင်ဒေ၀ဒတ်လိုခန္ဓာကိုယ်မှာ မြွေတွေ ပတ်ထားသလိုမျိုးစသော ဖန်ဆင်းခြင်းများ ဖြစ်သည်။

၃။ မနောမယာ ဣဒ္ဓိ - မိမိခန္ဓာကိုယ်နှင့် ပုံစံတူ ဣဒ္ဓိမယ ခန္ဓာကိုယ်ကို ဖန်ဆင်းနိုင်သော တန်ခိုးတော် ဖြစ်သည်။

( မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်တွင် ၀ါတွင်းသုံးလပတ်လုံးနေ့မနား ညမနားအဘိဓမ္မာ ပဋ္ဌာန်းတရား တော် ကို ဟောကြားတော်မူရာတွင် နတ်တို့အတွက် မိနစ်ပိုင်းမျှ ဖြစ်သော်လည်း လူသားဖြစ်သော ဘုရားရှင် အတွက်မူ အစာအာဟာရ မဘုန်းပေးပဲ မဖြစ်နိုင်ရကား ပုံတူနိမ္မိတ ဘုရားရှင်ကို ဖန်ဆင်းပြီး တရားကို ဒီနေရာမှ ဒီနေရာအထိ ဟောခဲ့စေသတည်း ဟု အဓိဋ္ဌာန်ကာ ကိုယ်တော်တိုင်က မြောက်ကျွန်းသို့ ကြွကာ ဆွမ်းဘုန်းပေးတော်မူပြီး တဖန်ပြန်လည် ဟောကြားတော်မူခဲ့သည်၊ နတ်ဗြဟ္မာတို့၏ စိတ်တွင်ကား ဘုရားရှင်တ ပါးတည်း ဟောကြားနေသည် ဟု မှတ်ထင်နေကြ ၏၊ ပြန်ရောက်ပါမှ တရားတော်ကို ရောက်သည့်နေရာမှ ဆက်လက် ဟောကြားတော်မူသည်၊
အရှင်သာရိပုတ္တရာ သည်လည်း လူ့ပြည်မှတက်ကာ ဘုရားရှင် ဆွမ်းဘုန်းပေးနေစဉ်အတွင်း ၀တ်ကြီး ၀တ်ငယ် ကို ပြုစု ပေးတော်မူ၏၊ ထိုအချိန်လေးအတွင်းမှာပင် သာရိပုတ္တရာ ငါဘုရားကတော့ ဒီနေ့မှာ အဘိဓမ္မာတရားကို ဒီနေရာကနေ ဒီနေရာ အထိ ဘယ်လို ဘယ်လို ဟောထားခဲ့တယ် ဆိုပြီး အကျဉ်းဆုံးနည်းကို လမ်းပြညွှန်တော်မူ၏၊ ထိုအကျဉ်းဆုံးကိုပင် အရှင် သာရိပုတ္တရာကလည်း သူဥာဏ်ရှိသလို ချဲ့ထွင်ကာ ရှေးအခါက လင်းနို့သား ငါးရာ အဖြစ်ဖြင့် အဘိဓမ္မာတရားကို နာဖူးခဲ့သော ပါရမီအထုံရှိခဲ့သည့် တပည့်သားရဟန်းနောက်လိုက် ငါးရာကို တဆင့်ပြန်လည်ဟောကြားခဲ့သည်။

ဝါကျွတ်သည်နှင့်တပြိုင်နက် ဘုရားရှင်လည်း အဘိဓမ္မာပဋ္ဌာန်းတရားတော် ကြီး ပြီးဆုံးသည်၊ လူ့ပြည်ကရဟန်းငါးရာလည်း တရားထူးရတော်မူကြသည်၊ တကယ့်အံ့သြစရာပါပေ၊ ယနေ့စာရေးသူတို့ သင်ယူလေ့လာနေကြရသော အဘိဓမ္မာ ပဋ္ဌာန်းတရားေ တ်ာများသည် အရှင်သာရိပုတ္တရာ ဟောကြားတော်မူခဲ့သော မကျဉ်းမကျယ်နည်းမျှသာတည်း၊ အကယ်၍ သာ ဘုရားရှင်ဟောခဲ့သလို အကျယ်တ၀င့် သင်ယူရပါမူ မည်သို့မျှ ဆုံးခန်းတိုင်မည် မဟုတ်ဟု မှတ်ထင်ရပေသည်။ အဘယ့်ကြောင့်ဆိုသော် ဥာဏ်ရှိလျင် ရှိသလောက်၊ ချဲ့ထွင်နိုင်လျင် ချဲ့ထွင်နိုင်သလောက် နည်းပေါင်းများစွာ နယ်ပယ် ပေါင်းများစွာ ကျယ်ဝန်းသောကြောင့် ဖြစ်ပါသည် )

၎။ ဥာဏ၀ိပ္ဖါရာ ဣဒ္ဓိ - ဘုရားရှင်တို့အတွက် အရဟတ္တမဂ်ဥာဏ်ကို မရမီအချိန်လေးအထိ အတိတ်ဘ၀များစွာ က ဖြစ်ပျက် ခဲ့သောအကြောင်းအရာများ၊ ဘ၀ဖြတ်သန်းရပုံများ၊ မည်သူများနှင့် ရေစက်ဆုံခဲ့သည်များ၊ ဘယ်ဘ၀မှ သေလွန်ကာ ဘယ်ဘ၀ သို့ရောက်ရသည် စသည်ဖြင့် ပိုက်စိတ်တိုက်တရစပ်ဖြစ်စေ၊ ခုန်ကျော်၍ဖြစ်စေ၊ အလယ်က ဖောက်ထွက်၍ဖြစ်စေ လိုအပ်သလို ကြံစည်ကာမျှဖြင့် ဥာဏ်ဖြန့်ကျက်ခါ မှတ်မိသိရှိနိုင်ခြင်း ဟူသော တန်ခိုး တော်ဖြစ်သည်။

( မဟာသာဝက၊ သာဝကတို့နှင့် ဇာတ်တော်များတွင် ပါဝင်သော ဈာန်ရ ရသေ့များသည်လည်း ကမ္ဘာပေါင်း၄၀၊ ကပ်ပေါင်း ၄၀တိုင်တိုင် ဥာဏ်ဖြန့်ကျက် ကာ မှတ်မိနိုင်၏၊ သို့သော် ဘုရားရှင်များလို မဟုတ်၊ ခုန်ကျော်ဖြန့်ထွက်ကာ မမြင် နိုင် မတွေး နိုင်ကြပေ )

၅။ သမာဓိဝိပ္ဖါရာ ဣဒ္ဓိ - ဈာန်ကို မရခင်အချိန်တွင်းမှာ ဖြစ်စေ၊ ဈာန်ကို ၀င်စားဆဲခဏမှာ ဖြစ်စေ၊ ဈာန်မှ ထမြောက် သည့်အ ခါမှာဖြစ်စေ မိမိအလိုရှိသည့်အတိုင်း သမာဓိကို ဖြန့်ကျက်ပြီး ကိလေသာ နီဝရဏတို့ ဘယ်လို ဘယ်ပုံ ကင်းကွာ သွားသည် စ သည်ဖြင့် သိရှိနားလည်နိုင်သော တန်ခိုးတော်ဖြစ်သည်။

၆။ အရိယာ ဣဒ္ဓိ - အကယ်၍ မိမိရောက်ရှိနေသော ပတ်ဝန်းကျင်သည် စက်ဆုပ်ဖွယ် ပဋိကူလ အာရုံဖြစ်နေပါ စေ၊သုဿာန်သချိုင်း စသော အလောင်းကောင်များ ပြည့်နှက်နေခြင်းစသော ရွံရှာဖွယ် ဖြစ်နေပါစေ၊ စက်ဆုပ်စရာ မဟုတ်၊ ရွံစရာမဟုတ် လူတိုင်း ခန္ဓာကိုယ်နှင့် ငါ့ခန္ဓာကိုယ်လဲ ဒီလို သဘောတွေချည်းပါပဲ ဟု နှလုံးသွင်းကာ အရိယာတို့၏ စိတ်ထားဖြင့် နေနိုင်သော တန်ခိုး တစ်မျိုး ဖြစ်သည်။

၇။ ကမ္မ၀ိပါကဇာ ဣဒ္ဓိ - မထင်မှတ်သော ကံကြောင့် ဖြစ်ရသော ကံက အကျိုးပေးလာသောကြောင့် ရရှိလာသော ဘ၀၀ယ် တကူးတက အားစိုက်စရာ မလိုပဲ သဘာဝတရားအရ ရရှိလာသော တန်ခိုးမျိုးဖြစ် သည်၊
( ငှက်သတ္တ၀ါများသည် သဘာဝတရားက အလိုလို ဖန်တီးပေးထားသောကြောင့် ကောင်းကင်ပျံနိုင်ခြင်း၊ ပရလောကမှ မကောင်းဆိုးဝါးများ စာပေလာစကားအရ မကျွတ်မလွတ်ဖြစ်နေသော တစ္ဆေ သရဲ စုန်း ပြိတ္တာ မှင်စာ စသူတို့၏ ကိုယ်ရောင်ေ ဖျာက် နိုင်ခြင်း စသော အစွမ်းများဖြစ်ကြသည်။ )

၈။ ပုည၀တော ဣဒ္ဓိ - လွန်ကဲသော ဘုန်းကံကြီးမားသူတို့၏ တန်ခိုးအစွမ်းဖြစ်သည်။ ( ဥပမာ စကြာမင်းသည် ခရီးလှည့်လည်သောအခါ မိမိနောက်လိုက်နောက်ပါ ဆင်တပ်၊ မြင်းတပ် ရထားတပ်၊ ခြေလျင်တပ်၊ စသည်ဖြင့် နောက်ပါ ဗိုလ်လူအားလုံး မင်းကြီးနှင့်အတူ လိုက်နိုင်ပြီး ကောင်းကင်ပျံနိုင်ကြသည် ဟူ၏၊

နောက်တဖန် သူနေဖို့ရန် နတ်များက ဘုံဗိမာန်ဆောက်လုပ်ဖန်ဆင်းပေးရသော၊ သူနှင့်သင့်တော်သော မိဖုရားအတွက် မြောက်ကျွန်းသူကို ခေါ်ဆောင်ကာ ထိမ်းမြားပေးရသော ဇောတိကသူဋ္ဌေးလို ဘုန်းကံရှိသူမျိုး၊ မိမိ နေထိုင်ဖို့ရန် အိမ်ဝင်း အတွင်း ၀င်လိုက်သည်နှင့် အိမ်နောက်ဖေးမှ သူ့အတွက် အတောင် ၆၀ အမြင့်ရှိသော ရွှေသားရွှေတောင်ကြီး ပေါ်ပေါက် လာသော ဇဋိလသူဋ္ဌေး လို သူတို့အတွက် ဖြစ်ပေါ်လာသော တန်ခိုးမျိုးဖြစ်သည် )

၉။ ၀ိဇ္ဇာမယာ ဣဒ္ဓိ -၀ိဇ္ဇာဓိုရ် ၊ ဇော်ဂျီတို့၏ အင်း အိုင် ခါးလှည့်၊ လက်ဖွဲ့ မန္တရား၊ မန္တာန် တို့၏ အစွမ်းကြောင့် ၄င်း၊ ဓာတ် လုံး ဆေးလုံးတို့၏ အစွမ်းကြောင့်၎င်း ကောင်းကင်ပျံနိုင်ခြင်း စသော တန်ခိုးမျိုးဖြစ်သည်။

၁၀။ တတ္ထ တတ္ထ သမ္မာပယောဂပစ္စယာ ဣဇ္ဈနဋ္ဌေန ဣဒ္ဓိ - ကိစ္စကြီးငယ် တို့တွင် နည်းလမ်းဟူသော ဥပါယအားဖြင့်၎င်း၊ ဥာဏ်ရှိသလို အသုံးချတတ်သော ဥာယ အားဖြင့်၎င်း၊ လိုအပ်လျင် လိုအပ်သလို အားထုတ် ခြင်းကြောင့် ဒီဘ၀ ဒီခန္ဓာဖြင့် တစ်သံသရာလုံး ပါလာ ကိန်းအောင်းလာခဲ့သော ကိလေသာတို့ကို ၀ါသနာအငွေ့နှင့်တကွ ဓလေ့ ၊ အထုံဓာတ်များပါမကျန် ရှင်းရှင်း ပယ်သတ်တော်မူနိုင်ခြင်းဟူသော တန်ခိုးတော် ဖြစ်သည်။

သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်မှန်သမျှတို့သည် တန်ခိုးအားလုံး ပြည့်စုံတော်မူကြသော်လည်း ( ၉ ) နံပါတ် ၀ိဇ္ဇာဓိုရ် ဇော်ဂျီတို့၏ တန်ခိုးကို ဘယ်လိုနည်းနှင့်မျှ အသုံးပြုတော်မမူကြကုန်။ ဤသည်ကား ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် လာရှိသော တန်ခိုးတော် များ ဖြစ် ကြပါသည်။

အချုပ်ဆိုရလျင် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအမြင်အရ လမ်းကြောင်းရှိနေသောကြောင့် ရှိခဲ့သောကြောင့် ရှေးရှေး လူများလည်း လျောက်လှမ်းခဲ့ဖူးသောကြောင့် ယုံကြည်လက်ခံနိုင်ကြသည်၊ ဘာသာရေးအသိဥာဏ် နုနယ်သေး သော၊ သဒ္ဓါ ပညာ နှစ်မျိုးကို balance ဖြစ်အောင် မချိန်ညှိတတ်သော၊ အနောက်တိုင်း စာပေ၊ သိပ္ပံပညာများကို အားကျလက်ခံပြီး လက်ေ တွ့ဖြစ် မှ ယုံကြည်ချင်ကြသော၊ ဣဒမေ၀ သစ္စံ၊ ငါပြောတာ ငါသိထားတာ ငါလေ့လာထားတာမှ အမှန်ပဲ၊ မောဃမညံ - သူများတွေ ပြောတာ အချည်းနှီး၊ မှားတယ်၊ လက်မခံနိုင်ဘူး ဟုယူဆ နေသူများအတွက်တော့ အဖြေမရှိသေးသော ပဟေဠိ ပုစ္ဆာများ ဖြစ်နေမည် ဟုသာ စေတနာစကားဖြင့် ပြောကြား အသိ ပေးလိုပါသည်။
မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.9.Sep.2011

စာညွှန်း။ ။ ၀ိသုဒ္ဓိမဂ် ၂၊ ဣဒ္ဓိဝိသေသနိဒ္ဒေသ၊
ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ၊ ဣဒ္ဓိကထာ၊
သီလက္ခန္ဓ၀ဂ္ဂပါဠိတော်၊ ပေါဋ္ဌပါဒသုတ်၊

Tuesday, September 6, 2011

အစည်းအဝေးမှတ်တမ်း ( ၀၄-၀၉-၂၀၀၁ )

၀၄-၀၉-၂၀၁၁ တနင်္ဂနွေနေ့..ညနေ ၀၆၀၀ နာရီ..BOONLAY PLACE KOPITIAM တွင်ပြုလုပ်သော ချောက် ( သခင်ဘိုးလှကြီး ) စက်မှုလက်မှုသိပ္ပံ ကျောင်းဆင်းမိသားစု ( စင်ကာပူ ) ၊ တတိယအကြိမ် မိတ်ဆုံ ညစာစားပွဲ အတွက် အပြီးသတ် အစည်းအဝေးမှတ်တမ်း ။

( တက်ရောက်သူများ )

( ၁) ကိုတင်ရွှေ ( ၆) ကိုအောင်မျိုးထွန်း

(၂ ) ကိုစိုးမြင့် ( ၇) ကိုဝင်းနိုင်

( ၃) ကိုထွန်းရှန် ( ၈) ကိုဆန်းမြင့်

( ၄) ကိုဋ္ဌေးဝင်း -အီးပီ ( ၉) မမြင့်မြင့်ထွေး

( ၅) ကိုဋ္ဌေးဝင်း - အမ်တီ ( ၁၀) မအေးအေးနှင်း

( ညှိနှိုင်းဆုံးဖြတ်ချက်များ )

( ၁ ) ကျောင်းဆင်းတစ်ဦး ၊တစ်လလျှင် ၁၀ ဒေါ်လာနှန်းဖြင့် ၊မိမိကျောင်းဆင်းနှစ်အလိုက် အုပ်စုခွဲ၍​တာဝန်ယူကောက်ခံပြီး ၊ ရရှိသောအလှူငွေကို နှစ်စဉ်ကျင်းပသော အသက် (၆၀ ) နှစ်အထက်ဆရာကန်တော့ပွဲနှင့် ၊ အသက် (၆၀ ) နှစ်အောက် ဆရာ/ဆရာမများထောက်ပံ့ကြေး အစီအစဉ်အတွက်ပို့ဆောင်သွားရန် ၊ သဘောတူ ဆုံးဖြတ်ကြပါသည် ။

( ၂ ) မိသားစု မိတ်ဆုံညစာစားပွဲကို ….

နေ့ရက် ။ ၁၈ ရက်.စက်တင်ဘာလ .၂၀၁၁ ( တနင်္ဂနွေနေ့ )

အချိန် ညနေချမ်း ( ၁၈၀၀ နာရီ မှ ၂၂၀၀ နာရီ ထိ )

နေရာ SCCCI - တရုတ်ကုန်သည်ကြီးများအဆောက်အဦ ၊

ပင်နင်ဆူလာ ပလာဇာ နောက်ကျောဘက် ။

( ၃ ) ညစာအတွက် ဒါန်ပေါက်စပွန်ဆာများ ။

( က ) ကိုခင်ဇော် ( ဃ ) ကိုဝင်းနိုင်

( ခ ) ကိုဆန်းမြင့် ( င ) မမြင့်မြင့်ထွေး

( ဂ ) ကိုတင်ရွှေ

( ၄ ) အအေး စပွန်ဆာများ

( က ) ကိုဋ္ဌေးဝင်း - အီးပီ ( ခ ) ကိုဋ္ဌေးဝင်း - အမ်တီ

( ဂ ) ကိုအောင်မျိုးထွန်း ( ဃ ) ကိုစိုးမြင့် ( င ) ကိုထွန်းရှန်

( ၅ ) အထူးစပါယ်ရှယ် အချိုရည်တာဝန်ခံ…….ကိုဆန်းမြင့်

( ၆ ) ဖျော်ဖြေရေးအတွက် တီးဝိုင်း စပွန်ဆာများ ။

( က ) မအေးအေးနှင်း ( ခ )မနှင်းနှင်းခိုင် ( ဂ ) မခန့်ခန့်ချော ( ဃ ) မ၀င်းဝင်းအေး

( င ) ကိုသော်ဇင်ဦး ( စ ) ကိုမြတ်စိုးမင်း ။

( ၇ ) မှတ်တမ်းဓါတ်ပုံ နှင့် ဗွီဒီယို……….ကိုမော်ခင်အောင် ၊ ကိုဋ္ဌေးဝင်း ။

( ၈ ) တီးဝိုင်းပစ္စည်း သယ်ယူပို့ဆောင်ရေး………..ကိုဝင်းနိုင် ၊ ကိုတင်ရွှေ ၊ ကိုဋ္ဌေးဝင်း ။

( ၉ ) ဧည့်ခံကြိုဆိုရေး ။

(က)မနှင်းနှင်းခိုင် (ခ) မခန့်ခန့်ချော (ဂ) မ၀င်းဝင်းအေး (ဃ) ကိုသော်ဇင်ဦး (င) ကိုမြတ်စိုးမင်း ။

( ၁၀ )အလှူငွေကောက်ခံခြင်းနှင့် တီရှပ်ရောင်းရန် ။

(က) ကိုဋ္ဌေးဝင်း (ခ) မဆွေမွန်ဦး (ဂ) မဆွေဇင်မွန် (ဃ) မသင်းသင်းလှိုင် (င) မဆွေဇင်ဝင်း ။

( ၁၁ ) ကံစမ်းမဲ…….မမြင့်မြင့်ထွေး နှင့် အဖွဲ့

( ၁၂ ) အခမ်းအနားပြီးဆုံးပါသည် ။

ယနေ့အစည်းအဝေးအတွက် အကြော်စုံ ၊ ရေနွေး တို့ဖြင့်ဧည့်ခံပေးကြသော ကိုစိုးမြင့် ၊ ကိုဆန်းမြင့် ၊ ကိုတင်ရွှေ ၊ ကိုဋ္ဌေးဝင်း - အီးပီ ၊ မအေးအေးနှင်း ၊ ကိုဝင်းနိုင် ၊ မမြင့်မြင့်ထွေး တို့အား အားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း ။

မှတ်တမ်းတင်

( ဋ္ဌေးဝင်း - အမ်တီ )

၀၆.၀၉.၂၀၁၁

Sunday, September 4, 2011

စာအုပ်လက်ဆောင်


၃၁-၀၈-၂၀၁၁ မနက်ခင်း

(၁)၊

စီတီးဟော သပြေနုဆိုင်က “စာအုပ်တွေရောက်နေတယ် ၊ လာရွေးပါရှင်…” ဆိုလို့..ဘယ်သူကများ..ဘယ်ကနေ…ဘာစာအုပ်တွေပို့လိုက်ပါလိမ့်..လို့စဉ်းစားမိတယ်..၊

ဖုန်းပြောနေတုန်းက သေသေချာချာ ပြန်မမေးလိုက်မိတာကို ..ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသေးတယ်..။

အလုပ်ကအပြန် အိမ်ကိုရောက်လို့ လုပ်နေကျ ထုံးစံအတိုင်း အွန်လိုင်းတက်ကြည့်ဖြစ်မှ အဖြေကို သေသေချာချာ သိလိုက်ရတော့တယ် ၊

Chaukgtifamily.org မှာ ကိုအောင်မြင့်သိန်းတင်ပေးထားတဲ့ ရန်ကုန်အဖွဲ့ရဲ့ ၀ါဆိုသင်္ကန်းကပ်ဓါတ်ပုံ တစ်ပုံကို Comment ရေးလိုက်မိခဲ့တယ် ။ဓါတ်ပုံထဲမှာတွေ့ရတဲ့ စာအုပ်တွေကိုမြင်လိုက်မိလို့ “ဒီစာအုပ်တွေ ဘယ်လိုများရနိုင်မလဲ..ဗျာ “ လို့ ကိုယ့်ရဲ့စာကိုတွေ့လိုက်တဲ့ ကိုအောင်မြင့်သိန်းက …..

“စာအုပ် (၆) အုပ်ကို …သပြေနုဆိုင်ကနေပို့လိုက်တယ်…(၉) ဒေါ်လာနဲ့ သွားရွေးပါ..တဲ့”…

အဲဒီအခါကျမှဘဲ…ဇာတ်ရေလည်ရတော့တယ်..

(၂)

တခြားအရာတွေထက်..စာအုပ်တွေကိုမြင်ရင်..ငမ်းငမ်းတက်လိုချင်တတ်တာ..ငယ်ငယ်ထဲကနေ ..ခုအချိန် အထိပါဘဲ…

ဝါသနာတစ်ခုလို..စာအုပ်ဝယ်တာ…စာအုပ်စုတဲ့..စာအုပ်ကြိုက်တတ်တဲ့ အကျင့်ကိုပေါ့ ၊ ဘီရိုထဲက စာအုပ်တွေကို မြင်နေရရင်..အလိုလိုစိတ်ချမ်းသာပြီး..ပျော်နေတတ်တာ..

ဒါပေမယ့် ..အမှန်ကို ရှက်ရှက်နဲ့ဝံခံရရင်…၀ယ်ထား..စုထားပြီး ..မဖတ်ဖြစ်သေးတဲ့စာအုပ်တွေက..အတော်များတယ်..။

အချိန်အားရတဲ့အခါ..တစ်ဝကြီးဖတ်ပြစ်လိုက်မယ်ပေါ့….၊

ဟိုး…ငယ်ငယ်..ကျောင်းသားအရွယ်တုန်းက..ကျောင်းတွေဖွငိ့ကာစ..ပုံနှိပ်စာအုပ်တွေဝေပြီဆိုရင်..အလွန်ပျော်တာပေါ့..

အတန်းသစ်တက်ရလို့…ကိုယ့်လက်ထဲရောက်လာတဲ့..ပုံနှိပ်စာအုပ်အသစ်ကလေးတွေကို…တယုတယ လှန်လှောကြည့်လိုက်..စာမျက်နှာတွေကို..နမ်းရှုံကြည့်လိုက်နဲ့..ပုံနှိပ်ဆေးနဲ့..စာရွက်အနံ့လေးက..တခြားရနံ့နဲ့မတူဘဲ..အလွန်မွှေးတာကိုး…

“အင်း…..စာအုပ်တွေကိုမြင်ရင်…လိုချင်..တပ်မက်တဲ့စိတ်နဲ့..စုဆောင်းထားချင်ခဲ့တာ..ကိုယ့်ရဲ့ငယ်စဉ်ကတည်းက..၀ါသနာတစ်ခုကိုး..

စာအုပ်တွေက..ကျွန်တော်တို့ချောက် ဂျီတီအိုင်က ဆရာဟောင်း ဦးမောင်မောင်လေး ( ဦးဥာဏဓဇ ၊အစိုး၇ ဓမ္မာစရိယ ၊BE (E.P- 77 ) ရေးသားထားတဲ့စာအုပ်တွေပါ….။

တကန်တက ကျွန်တော့်ဆီရောက်အောင် ..စေတနာဆောင်ပြီး.. ပို့ဆောင်ပေးတဲ့..ကိုအောင်မြင့်သိန်းကို..ကျေးဇူးစကားပါးလိုက်ပါရစေ…။

ကျေးဇူးတင်စွာဖြင့်..

ကိုကြီးပေါက်စ(စလေ)

၀၄-၀၉-၂၀၁၁

Saturday, September 3, 2011

နောင်မှတ, တဲ့နောင်တ ( အပိုင်း - ၂ ) ( နန္ဒာသိန်းဇံ )



( ၄ )

အထက်ပါမိတ်ဆွေ၇ဲ့စကားဆုံးတဲ့အခါမှာ အခြားမိတ်ဆွေတစ်ဦးက ဆ၇ာကြီးေ၇ွှဥဒေါင်း၇ဲ့ “ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ “ စာအုပ်ထဲက ဆ၇ာကြီးေ၇ွှဥဒေါင်းငယ်စဉ်က ကျောင်းပြေးတဲ့အတွက် အ၇ိုက်ခံ၇ပုံအကြောင်းကို ပြောပါတယ်။သူပြောခဲ့တာတွေကိုပြန်ေ၇းဖို့အတွက် သေချာအောင် ဆ၇ာကြီးေ၇ွှဥဒေါင်း၇ဲ့ တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များစာအုပ် ပထမတွဲကို၇ှာပြီး ပြန်ဖတ်ကြည့်တော့ ဆ၇ာကြီးေ၇းပြပုံက မိတ်ဆွေပြောတာထက် အများကြီးစိတ်ထိခိုက်ဖွယ်၇ာတွေ ဖြစ်နေတာကို တွေ့၇ပါတယ်။ကျောင်းပြေးမိတဲ့အတွက် အ၇ိုက်ခံ၇ပုံကို ဆ၇ာကြီးက .…

“ဆ၇ာတော်သည် ကျောင်းပြေးသောကျောင်းသားအား ကြမ်းပြင်တွင်အလျားမှောက်စေ၍ ခြေလက်များကို ကျောင်းသားလေးယောက်တို့က တစ်ဖက်စီကိုင်ထားစဉ် ကြိမ်လုံးဖြင့် ၁၀ ချက်စီ ၇ိုက်လေ့၇ှိ၏။ ကျွန်ုပ်တို့အ၇ိုက်ခံ၇ခြင်းကို ဖခင်မြင်၇သော်လည်း မကျေနပ်သေးသဖြင့် အိမ်သို့ေ၇ာက်သောအခါ၌ ထပ်၍ရိုက်သေး၏။ဖခင်၏လက်မှာ အသက်ကြီးလာပြီဖြစ်သော ဆရာတော်၏လက်ထက် ပြင်းသောကြောင့် နှစ်ဆ သုံးဆပို၍နာ၏။တစ်ခါက ကျွန်ုပ်အား ဖခင်ကရိုက်၍ မောင်ပုအား ( သူ့အဖေ ) ကရိုက်လေရာ သမီးယောက်ဖနှစ်ယောက်သည် ကိုယ့်သားကို ကိုယ်ရိုက်ကြရာတွင် တစ်ယောက်နှင့်တစ်ယောက် သူ့ထက်ငါသာအောင် လက်စွမ်းပြကြသည့် လက္ခဏာနှင့် ဖခင်က ကျွန်ုပ်လက်မောင်းကို ဆေးပြင်းလိပ်မီးနှင့်ထိုးဆဲတွင် ဦးကြီးက မောင်ပု၏ငယ်ထိပ်ကို ပိန်းတန်းဘိနပ်ဖြင့် ခုတ်လိုက်သည်နင့် သွေးများဖြာဆင်း၍ လာတော့သည်။ မောင်ပုမှာလည်း ကျွန်ုပ်၏မေးစေ့အမာရွတ်ကဲ့သို့ ထိပ်လည်တည့်တည့်တွင် သုံးလက်မခန့်ရှိသော အမာရွတ်ကြီးတစ်ခု သေရာပါသွားရှာသည်”။ စသည်ဖြင့်ေ၇းပြထားပါသည် ။

ဆရာကြီး အသက် ၁၄-၁၅ နှစ်လောက် ရောက်သည့်အရွယ်၌ သူငယ်ချင်းဖြစ်သူ၏ အဆွယ်ကောင်းမှုကြောင့် နော်မန်ကျောင်းသူကလေးတို့နှင့် တွေ့ဆုံရန်ကျောင်းပြေးမိ၍ အရိုက်ခံရပုံကိုဆရာကြီးက ….”ကျွန်ုပ်အိမ်သို့ပြန်ရောက်သောအခါ ဖခင်ရောမိခင်ပါ မျက်နှာထားတစ်မျိုး ဖြစ်နေကြခြင်းကို မြင်လိုက်ရသဖြင့် ရင်ထဲ၌ ဒိတ်ခနဲဖြစ်သွား၏ ။ ..ကျွန်ုပ်သည် မိဘများ၏ မျက်နှာထားမဟန်ခြင်းကိုမြင်ရ၍ ရင်ဖိုလှိုက်လျှက် အိမ်ပေါ်သို့တက်ပြီးလျှင် စာအုပ်ကလေးများကို စာပွဲပေါ်သို့ပစ်တင်ဆဲတွင် မိခင်ရော ဖခင်ပါ လိုက်လာကြ၍ ကျွန်ုပ်၏ အ၀တ်အစားများကို ဆွဲချွတ်ကြသည် ။ကျွန်ုပ်ကငြိမ်သက်စွာမခံဘဲ ရုန်းကန်သည်တွင် အလုပ်သမားနှစ်ယောက် သုံးယောက်ကိုခေါ်၍ ၎င်းတို့၏အကူအညီဖြင့် ကျွန်ုပ်၏အကျီင်္င်္များရော လုံချည်ကိုပါတစ်ကိုယ်လုံး တုံးလုံးချွတ်ကြသည် ။ ထို့နောက် ကျွန်ုပ်အား အိမ်အပေါ်ထပ်မှ အောက်သို့ဆွဲချလာကြ၍ အိမ်ရှေ့သို့ဆွဲခေါ်ကြ၏ ။အိမ်ရှေ့၌ရေတွင်းရှိလေရာ တုံးလုံးဖြစ်နေသော ကျွန်ုပ်အား ရေတွင်းတိုင်၌ချည်ထားကြလေ၏ ။ဤနည်းဖြင့်နာရီဝက်ခန့် ( ကျွန်ုပ်အထင်မှာ တစ်နှစ်လောက်ကြာသည် ) တုံးလုံးပစ်ထားလေရာ အရပ်ထဲမှကလေးလူကြီးများသည် ခပ်လှမ်းလှမ်းမှကြည့ှ်ု၍ ပြုံးကြရယ်ကြလေသည် ။ အလွန်ရှက်လျှက်၇ှိသောကျွန်ုပ်ကမူ ခပ်နီးနီးကပ်၍ကြည့်သောသူများကို ဆဲ၍လွှတ်မိပါသည် ။ချည်တုပ်ထားရာမှဖြေပြီး အ၀တ်များဝတ်ရသောအခါတွင် ဆံပင်ညှပ်ကုလားတစ်ယောက်ကိုခေါ်၍ ကျွန်ုပ်၏ဗိုလ်ကေကိုဖြတ်ပြီး ခေါင်းတုံးရိပ်စေပါသည် ။”

“ကျွန်ုပ်သည် ကျွန်ုပ်၏ မိုက်မဲခြင်းကို ကျပ်ပြည့် တင်းပြည့် ၀န်ခံပါသည် ။ သို့ရာတွင် ကျွန်ုပ်၏အပြစ်မှာ မိဘအားမလေးမစားပြုခြင်းလည်းမဟုတ် ၊ စော်ကားမော်ကား ပြောမိခြင်းလည်းမဟုတ် ၊ မရိုမသေပြုမိခြင်းလည်းမဟုတ် ၊ ရူးမိုက်မိခြင်းသက်သက်မျှသာ ဖြစ်ပါသည် ။ ဤမျှလောက်သောပြစ်ချက်နှင့် ဤမျှလောက် စိတ်ထိခိုက်အောင်ဒဏ်ပေးဆုံးမခြင်းမှာ များလွန်းသည်ဟု ထင်ပါသည် ။ ကျွန်ုပ်၏မိဘများနားမလည်ရှာသော အချက်မှာ သားသမီးကို အရှက်ခွဲသောနည်းဖြင့် ဆုံးမခြင်းသည် ကောင်းသည် ၊ လိမ်မာစေသည် ၊ နောင်ကြဉ်သည်ဟု ထင်မှတ်ရှာကြခြင်းပင် ဖြစ်သည် ။ ‘နောင်ကြဉ်သည်’ဆိုခြင်းကား ဟုတ်လေမည်လောမဆိုနိုင် ၊ ခံရသောသား သမီး၏စိတ်ကို နုံချာသွားစေခြင်းကိုမူကား ခံရဖူးသော ကျွန်ုပ်သိပါသည် ။ လူဟူသည်မှာသူ့အရွယ်ကလေးနှင့်သူ ကိုယ့် ကိုယ် ကို လေးစားမှူ့ self respect ရှိကြရမည် ။ရှိအောင်ကြိုးစားကြရမည် ဖြစ်ရာ မိဘများ၏ဆုံးမပုံမူကား ကျွန်ုပ်၏စိတ်ကို အညွန့်ချိုးလိုက်ဘိသကဲ့သို့ဖြစ်သွားပါတော့သည် ။ကျွန်ုပ်သည်အရပ်ထဲ၌လည်း ကောင်း ၊ ကျောင်း၌လည်းကောင်း ၊ ကလေးလူကြီးများ၏ မျက်နှာကို ရဲရဲမကြည့်ဝံ့အောင်ဖြစ်ရပါသည် ။ ( ကျွန်ုပ်တွင် သက်သာရာရစေသောအချက်တစ်ခုမှာ ၁၅နှစ်သားဆိုသော်လည်း ကြီးထွားမှူနောက်ကျ၍ ကြီးကောင်မ၀င်သေးခြင်းပင်ဖြစ်သည် ။သို့မဟုတ်ပါက ၎င်းဒဏ်ချက်သည် သေသည်အထိပါလိမ့်မည်ထင်၏ ။) ဤသို့သောဆုံးမနည်းကြောင့် ကျွန်ုပ်၏သဘာဝတွင် ‘ဆူးကြီး’တစ်ချောင်း ပေါ်ပေါက်လာယုံမျှမက နုံသောစိတ်ဓါတ် Inferiority Complex ၀င်လာခြင်းကိုလည်း သတိပြုမိပေရာ ကြီးပြင်းလာသောအခါတွင် အနောက်တိုင်းစာကောင်းပေကောင်းကြီးများကို ဖတ်ရှုကာ ဆင်ခြင်သုံးသပ်ခွင့်ရသောအခါမှ အတော်အတန် လျော့ပါးသွားသည်ဟု ထင်မိပါသည် ။နားမလည်ရှာကြ၍ စေတနာကောင်းနှင့် ( လိမ္မာအောင် ) ဆုံးမကြသောမိဘများအပေါ်၌ စိတ်နာခြင်းမရှိသော်လည်း ကျွန်ုပ်၌ ရံဖန်ရံခါ ပေါ်တတ်သည့် နုံနဲ့ပျော့ညံ့သော သဘာဝကိုတွေ့ရသည့်အခါတိုင်း အထက်ပါအဖြစ်အပျက်ကို သတိရ၍ ငါ၏ ကံမကောင်းခြင်းပေတည်းဟု အောက်မေ့မိပါတော့သည် ။” လို့ရေးပြထားတယ် ။ ပြီးတော့ဆရာကြီးက ဆက်ပြီးတော့ …”ကိုယ့်ကိုယ်ကို နုံချာသည်ထင်သော စိတ်မူကား ဤမျှလောက် ဖျောက်ဖျက်ဖို့မလွယ်ကူသဖြင့် အသက်လေးငါးဆယ်အရွယ်တိုင်အောင် အစွန်းထင်လျှက်ရှိပါတော့သည် ။ထိုအချိန်မှစ၍ ကျွန်ုပ်မှာ အနည်းငယ်စကားထစ်ခဲ့ရာမှ ကိုယ့်ကိုယ်ကို ပို၍သတိပြုမိသည့်အတွက် ပို၍ဆိုးလာပါသည် “ လို့ရေးထားတယ် ။

အဲဒီဆရာကြီးရွှေဥဒေါင်းရဲ့ ငယ်စဉ်ဘ၀အကြောင်း ရေးသားထားတာတွေနဲ့ ပတ်သက်ပြီး ပြောပြတဲ့မိတ်ဆွေက…..

“ကျုပ်နဲ့ရင်းနီးတဲ့မိတ်ဆွေတစ်ဦးဟာ သူ့ရဲ့သားကို ဆရာကြီးရွှေဥဒေါင်း ငယ်စဉ်က လူတွေရဲ့မြင်ကွင်းမှာ အပြစ်ပေး အရှက်ခွဲတာမျိုး လုပ်ခဲ့ဘူးတယ်တဲ့ဗျ ၊ အဲဒီအပြစ်ပေးခံခဲ့ရတဲ့သားဟာ ငယ်ငယ်က သွက်လက်ချက်ချာတဲ့ကလေးဖြစ်ခဲ့ပေမယ့် အပြစ်ပေးခံရပြီးနောက်ပိုင်းမှာ တဖြည်းဖြည်းတွေတွေဝေေ၀ ဖြစ်လာတာတွေ့ရတယ်တဲ့ ။စာဆက်သင်လို့လည်းမရဘူးဖြစ်သွားတယ် ။ ဆရာကြီးလိုစကားထစ်တာမျိုးမဖြစ်ပေမယ့် အင်မတန်စကားနည်းသွားတဲ့ ကလေးဖြစ်လာတယ် ။အဆိုးဆုံးကတော့ အဲဒီသူ့သားငယ်မှာ အင်မတန်ရက်စက်တဲ့အမူအကျင့်တွေကို တွေ့ရတာပဲတဲ့ ။အိမ်က ခွေးကလေး ကြောင်ကလေးတွေ သူ့အနားကို လာလို့မရဘူး၊ လာရင်ခုတ်ပိုင်းသတ်ဖြတ်တတ်လို့ အိမ်မှာခွေးကြောင် မမွေးခဲ့ရဘူးတဲ့ ၊ ကျုပ်မိတ်ဆွေဟာ သူ့သားကို အပြစ်ပေးခဲ့မိတာ မှားလေခြင်းဆိုတဲ့ နောင်တတွေအမြဲရနေပုံပေါ်တယ် ။ သားအတွက်အဖေဖြစ်သူ ကျုပ်သူငယ်ချင်းဟာ သားအတွက်နောင်တတွေနဲ့ ကွယ်လွန်ခဲ့တယ်လို့ ဆိုရမလားပဲ” လို့ပြောပြနေပါတယ် ။

( ၅ )

ထိုသူ၏စကားပြီးဆုံးသောအခါ မိတ်ဆွေများက နောင်တနဲ့စပ်လျဉ်းတဲ့ အကြောင်းအရာ တစ်ခုခုပြောပြဖို့ကျွန်တော့်ကိုလည်းတိုက်တွန်းကြပါတယ်။နောင်တတွေအများကြီးးစိတ်မှာသိုလှောင်ထားခဲ့မိတဲ့ ကျွန်တော်က “မပြောပါရစေနဲ့ “ လို့ အနူးအညွတ် တောင်းပန်ခဲ့ရပါတယ် ။

နန္ဒာသိန်းဇံ

( Phoenix ဂျာနယ် ၊ အတွဲ (၁) ၊ အမှတ် (၂၀) ၊ ( ၂၆-၀၆-၀၉ )

အားလုံးပျော်ရွှင်ကြပါစေ ။

( ၀၃ ၊ စက်တင်ဘာ ၊ ၂၀၁၁- စနေနေ့ )တွင် ကူးယူဖော်ပြပါသည် ။