Sunday, July 31, 2011

ဒစ်ဂျစ်တယ်ပညာရေးစနစ် ကျင့်သုံးတော့မည့် တိုင်းပြည်

အကယ်၍စီစဉ်ထားသည့် ဖြစ်မည်ဆိုပါက လေးနှစ်ကာလအတွင်း တောင်ကိုရီးယား ကလေးငယ်တိုင်းသည် ဒစ်ဂျစ်တယ် ပညာရေးဖြင့် လေ့လာကြတော့မည်ဖြစ်သည်။ ဖတ်စာအုပ်များ၊ ဖေါင်တိန်များနှင့် ခဲတံတို့ကို ဘယ်သောအခါမျှ

မြင်တွေ့ရတော့မည်လည်း မဟုတ်ပါ။ တဘ်လတ်များ၊ လပ်တော့ပ်များနှင့် စမာ့ဖုန်းများဖြင့် အစားထိုးပါတော့မည်။ ဤပြောင်းလဲမှုမှာ စတင်နေပြီလည်းဖြစ်သည်။

ဆိုးလ်မြို့ ၆ တန်းစာသင်ခန်းတွင်း၌ ကျောင်းသားများမှာ လပ်တော့ကွန်ပျူတာများကို အသုံးပြုနေကြပြီး သူတို့ သင်ယူမှုတို့ကိုလည်း မာလ်တီမီဒီယာပုံစံဖြင့် တင်ပြနေတတ်ကြပြီဖြစ်သည်။

အသက် ၁၃ နှစ်အရွယ် ကင်ဆွန်ဂွမ်က သူ၏ လပ်တော့ပ်ကို အလွန်မြတ်နိုးသည်ဟု ဆိုသည်။ ပညာရေးဝန်ကြီးဌာနက ဒစ်ဂျစ်တယ် စီမံချက်အတွက် စမ်းသပ်နေဆဲ ကျောင်း ၁၃၂ ကျောင်းထဲမှ ကျောင်းတစ်ကျောင်းတွင် တက်ရောက်နေသူဖြစ်သည်။

“ကျနော် အင်တာနက်မှာ ရှာဖွေလို့ရတယ်ဗျ” ဂွန်ကဆိုသည်။ “စာတိုက်ရိုက်ရေးရတာကိုလည်း သဘောကျတယ်လေ။ ပုံနှိပ်ဖတ်စာအုပ်တွေက ဟောင်းနွမ်းအိုမင်းသွားပြီလေ။”

ဆရာလီဂျွန်းမင်းမှာ သူတို့ အတန်းတွင် စာသင်သူဖြစ်သည်။ ဒစ်ဂျစ်တယ် စာသင်ကြားရေး ကိရိယာများမှာ သူ၏ သင်ကြားရေးအလုပ်ကို သက်သာလွယ်ကူစေသည်ဟု ဆိုသည်။

အသက် ၄၃ နှစ်အရွယ် ဆရာလီက “ဒစ်ဂျစ်တယ် ဖတ်စာအုပ်တွေနဲ့ သင်ကြားရတော့ သင်ရိုးညွှန်းတမ်း အသစ်တွေ၊ အပိုတွေ ပြင်ဆင်စရာ
မလိုဘူးလေ။ ပြီးတော့လည်း တကယ်လို့ သင်ကြားရေး အကူပစ္စည်း၊ အထောက်အကူတွေ လိုအပ်ရင် အွန်လိုင်းပေါ်မှာ ရှာလိုက်ရုံပဲ။ သိပ်ကို လွယ်ကူ၊ အဆင်ပြေလိုက်တာဗျာ” ဟုဆိုသည်။

ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ စီမံချက်မှာ ကျောင်းသားများကို ဒစ်ဂျစ်တယ် ဖတ်စာအုပ်များ ပံ့ပိုးပေးခြင်းထက် ပိုမိုသော လိုအပ်ချက်များ ရှိနေပါသေးသည်။

ပညာရေး ၀န်ကြီးဌာနက တစ်နိုင်လုံးကို အွန်လိုင်းဖြင့် ချိတ်ဆက်ထားနိုင်မည့် cloud-based network နတ်ဝါ့က် စနစ်ကို တည်ဆောက်ရန် စီစဉ်ဖန်တီးနေပါသည်။ အကယ်၍ ကျောင်းသားတစ်ဦးက ကျောင်းသို့ ကိုယ်ကာယဖြင့်၊ ကိုယ်တိုင် မတက်ရောက်နိုင်ပါက ၀ဘ်ဆိုက်ပေါ်မှ သင်ယူလေ့လာနိုင်ပါသည်။

ကင်ဒိုယွန်းမှာ ဒစ်ဂျစ်တယ် သတင်းဆိုင်ရာ ဒါရိုက်တာဖြစ်သည်။ ဤစီမံကိန်းမှာ ရဲတင်းလွန်းလှသည်ဟု သူကဆိုသည်။ သို့သော် တောင်ကိုရီးယားအိမ် ၈၀ ရာခိုင်နှုန်းတွင် ဘရော့ဘန်အင်တာနက်ကို ဆက်သွယ်ထားရှိပြီးဖြစ်လေရာ စိန်ခေါ်မှုအတွက် အဆင့်သင့်ပင်။

“ကျောင်းသားတွေက ဒစ်ဂျစ်တယ် ယဉ်ကျေးမှုနဲ့ ပိုပြီးတော့ ရင်းနှီးနေကြပြီလေ။ -စမတ်ကျတဲ့ ပညာရေးစနစ်- နဲ့ တိုင်းပြည်က ရှေ့ဆက်သွားလို့ ရနေပါပြီ။ မြန်မြန်ဆန်ဆန်နဲ့ကို အောင်မြင်မှာပါ။”

အကယ်၍ ဤစီမံချက်သာ အောင်မြင်ပါက တောင်ကိုရီးယားမှာ တကမ္ဘာလုံးတွင် ဒစ်ဂျစ်တယ် ပညာရေးစနစ်ကို ပထမဆုံး ကျင့်သုံးသည့်တိုင်းပြည်ဖြစ်မည်။ “အိမ်စာကို ခွေးစားသွားတယ်” ကဲ့သို့သော ဆင်ခြေဆင်လက်တို့မှာ အတိတ် သမိုင်းပြတိုက်ထဲသာတွင် ကျန်ရစ်တော့မည်။

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: Reuter

No comments:

Post a Comment